စာအုပ်လင့်များ: post #8336 — TG.ME

မောင်ဖိုးတွတ်ရဲ့ဘဝခရီး အပိုင်း(၂၃)

"ကျွန်တော်နှင့် တချိန်က VIP များ"

​အင်ဂျင်နီယာတစ်ဦး၏ ဘဝခရီးလမ်းတွင် အစိုးရဌာနဆိုင်ရာ စီမံကိန်းကြီးများကို တာဝန်ယူ ဆောက်လုပ်ပေးခဲ့ရသလို၊ ပုဂ္ဂလိက စီးပွားရေးနယ်ပယ်အတွင်း၌လည်း ရုန်းကန် လှုပ်ရှားခဲ့ရဖူးသည်။ အစိုးရ စီမံကိန်းကြီးများကို တာဝန်ယူ ဆောင်ရွက်ရသည့် အခါတိုင်းတွင် စက်ရုံကြီးများ၏ ပုံစံ၊ အရည်အသွေး၊ သတ်မှတ်ချိန်ပြီးစီးရေး စသည်တို့အတွက် ထိုစဉ်က တိုင်းပြည်၏ အဆင့်မြင့်တာဝန်ရှိသူ အရာရှိကြီးများ၊ ဝန်ကြီးများ၊ တပ်မတော် အကြီးအကဲများနှင့် လူချင်းတွေ့ဆုံကာ စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြရသည်ကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။
​ထိုခေတ် တိုင်းပြည်၏ အခြေအနေအရ ဒုတိယ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်နှင့်လည်း မကြာခဏဆိုသလို ဆုံတွေ့ခဲ့ရဖူးသည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပုံဟန်မှာ အမြဲတမ်း စမတ်ကျကျ ဝတ်စားဆင်ယင်တတ်ပြီး လမ်းလျှောက်လျှင်လည်း အလွန် လျှင်မြန်လှသည်။ စီမံကိန်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် (Decision) ပေးသည့်အခါတွင်လည်း အလွန် ပြတ်သားသူတစ်ဦး ဖြစ်သည်။ သို့သော် သူ၏ ထူးခြားသော ဝါသနာ သို့မဟုတ် ကြိုက်နှစ်သက်သည့် အပြုအမူတစ်ခုမှာ စီမံကိန်း အဆောက်အအုံ ပန္နက်တင်ပွဲ သို့မဟုတ် အုတ်မြစ်စီပွဲများတွင် ပိုက်ဆံကြဲရခြင်းပင် ဖြစ်သည်။ ရွှေအုတ်၊ ငွေအုတ်၊ ရတနာအုတ်များကို စနစ်တကျ စီမံပြီးနောက် သူ့လက်ထဲသို့ တစ်ထောင်တန် အုပ်လိုက် ထည့်ပေးလိုက်ပါက ကွင်းအတွင်းရှိ ပရိသတ်များနှင့် လုပ်သားများကို ပျော်ပျော်ကြီး ကြဲချပေးလေ့ ရှိသည်ကို သတိထားမိခဲ့သည်။

​အခြားတစ်ဖက်တွင်လည်း ကျောက်ဆည်နယ် မင်းစုရွာ၌ ဆေးဝါးစက်ရုံသစ် တည်ဆောက်စဉ်ကလည်းကောင်း၊ ပြင်ဦးလွင် အနီးစခန်း၌ ဆေးဝါးစက်ရုံသစ် တည်ဆောက်စဉ်ကလည်းကောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကြုံတွေ့ဖူးခဲ့သည်။ ကိုယ်တိုင်က ကုမ္ပဏီ တာဝန်ရှိသူ ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီးထံ တိုက်ရိုက် ရှင်းပြခွင့်မရဘဲ သက်ဆိုင်ရာ ဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူး (MD) တို့ကသာ ရှေ့မှ ထွက်၍ ရှင်းပြကြရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာမုန့် အလွန်ကြိုက်ပြီး ကွမ်းယာကို အမြဲ မြုံ့နေ
တတ်သည်။ စီမံကိန်းရှင်းလင်းပွဲများတွင် မုန့်လေးကောက်စားလိုက်၊ ကွမ်းလေး မြုံ့လိုက်ဖြင့် မျက်လုံးလေးမှေးကာ ဝန်ကြီးများနှင့် MD တို့ ရှင်းပြနေသည်များကို လုံးဝ စိတ်မဝင်စားသည့်ပုံစံမျိုးဖြင့် ငြိမ်သက်စွာ နားထောင်နေတတ်သည်။ သို့သော် ရှင်းပြမှုများ ပြီးဆုံးသွားသည့်အခါမှ တင်ပြချက်များအပေါ် အသေးစိတ် ပြန်လည် သုံးသပ်ပြပြီး လိုအပ်သည့် လမ်းညွှန်ချက်များကို တိကျစွာ ပေးတတ်သည်။ သူ ဒေါသထွက်သည်ကိုဘယ်သောအခါမျှ မတွေ့ဖူးဘဲ အလွန် သွေးအေးတည်ငြိမ်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် မြင်တွေ့ခဲ့ရသည်။

​ထို့အပြင် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်သိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊
လယ်/ဆည် ဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်
ဧရာဝတီတိုင်း တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် တနင်္သာရီတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် စသည့် ခေတ်တစ်ခေတ်၏ သြဇာကြီးမားသော ပုဂ္ဂိုလ်များနှင့်လည်း လုပ်ငန်းခွင်အတွင်း ထိတွေ့ဆက်ဆံခဲ့ရသည်။
​ထိုအထဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းအကြောင်းမှာ အလွန် စိတ်ဝင်စားဖွယ်ကောင်းသလို ပြောပြချင်စရာလည်း ဖြစ်သည်။ ဦးသောင်းသည် လူထုနှင့် အစိုးရအရာရှိများကြားတွင် "လူ့ဂွစာ" ဟု အမည်ကြီးသူဖြစ်သည်။ စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၁) ၏ စံပြဗိုလ်လောင်း (Best Cadet) ဆု ရရှိခဲ့သူ၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးတို့နှင့် တပတ်စဉ်ထဲ ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရပ်ဆွေရပ်မျိုးဖြစ်သလို သူ၏ စရိုက်မှာ မဟုတ်လျှင် မခံ၊ ဘာကိုမျှ မကြောက်ဘဲ အလွန် အလွန်ဂွတီးဂွကျ နိုင်လှသဖြင့် ဒုတိယ အာဏာအရှိဆုံး အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်ကိုပင်လျှင် သိပ်ပြီး ဂရုစိုက်လှသူ မဟုတ်ပေ။
​မောင်ဖိုးတွတ်တို့ SEC ကုမ္ပဏီအနေဖြင့် ဟင်္သာတ နည်းပညာတက္ကသိုလ် တည်ဆောက်ခွင့် ရရှိခဲ့ပြီးနောက် တောင်ကြီး ကွန်ပျူတာတက္ကသိုလ် တည်ဆောက်ရေးကိုပါ ထပ်မံ တာဝန်ယူခဲ့ရသည်။ ထိုအချိန်တွင် လုပ်ငန်းခွင် ပမာဏ ပိုမိုကြီးမားလာသဖြင့် နောက်ထပ် ခေါ်ယူသော ပုသိမ် ကွန်ပျူတာတက္ကသိုလ် တင်ဒါကိုမူ ဝင်ရောက်မပြိုင်တော့ဘဲ ရှောင်ခဲ့သည်။ မိမိတို့ ကုမ္ပဏီ၏ အင်အားနှင့် လုပ်နိုင်စွမ်း (Capacity) ထက် ပိုမိုမယူလိုသောကြောင့် ဖြစ်သည်။ သို့သော် ဝန်ကြီး ဦးသောင်းက တင်ဒါမဝင်သည့် မောင်ဖိုးတွတ်ကို ခေါ်ယူပြီး ပုသိမ်စီမံကိန်းကိုပါ အတင်း ထပ်မံ ချပေးခဲ့သည်။ ထို့အပြင် "တိုင်းပြည်မှာ ခင်ဗျားတို့လို တာဝန်သိတဲ့ လူငယ် လုပ်ငန်းရှင်တွေ များများမွေးရမယ်" ဟုပင် ချီးမွမ်း စကားဆိုခဲ့သေးသည်။
August 6, 2026 462 1