■ Property Tax က အခြေခံလူတန်းစား၊ လူလတ်တန်းစားနှင့် အများပြည်သူအပေါ် ဖိစီးမှုမရှိနိုင်
■ အိမ်နီးချင်းနိုင်ငံများကဲ့သို့ Property Tax ကောက်ခံမည်ဆိုပါက စုစုပေါင်းအခွန်ဝင်ငွေ၏ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ရရှိနိုင်
■ တရားမဝင် ငွေကြေးဖြင့် ချမ်းသာနေသူများ၊ မြေစျေးကစားသူများနှင့် ငွေကြေးခဝါချမှုများအပေါ် ပြည်သူလူထု အကျိုးစီးပွားအတွက် တားဆီးကာကွယ်ဖို့ Property Tax အလျင်အမြန် ပြဌာန်းရန်လိုပြီ
■ Written By- ဇော်မင်းနိုင်
စီးပွားရေးလုပ်ငန်းကြီးတွေကအစ လုပ်ငန်းငယ်အဆုံး အခက်အခဲတွေ များစွာနဲ့ရပ်တည်နေရတဲ့ မြန်မာ့စီးပွားရေးမှာ ခေါင်းထောင်နေတဲ့လုပ်ငန်းတစ်ခုကို ပြပါဆိုလျှင် အိမ်ခြံမြေဈေးကွက်ပဲ ဖြစ်ပါတယ်။ ကျပ်သိန်းထောင်ဂဏန်းကစတင်ပြီး ကျပ်သိန်းပေါင်း သိန်းနဲ့ချီအရောင်းအဝယ်ဖြစ်နေပြီးတော့ ငွေကြေး လည်ပတ်မှု အားကောင်းနေတဲ့ ကဏ္ဍဆိုရင် အိမ်ခြံမြေကဏ္ဍပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အိမ်ခြံမြေကဏ္ဍမှာ အရောင်းအဝယ် အနည်းငယ်ထိုင်းသွားတယ် ဆိုပေမယ့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေတာဖြစ်တယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းက သိရပါတယ်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ခြံမြေ ဈေးကွက်က အတက်ဘက်ကို ရောက်ရှိလာ ပါတယ်။၂၀၂၀ နောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှုဖြစ်လာတဲ့အခြေအနေ၊ မငြိမ်းချမ်းတဲ့ဒေသတွေကနေ ပြောင်းရွှေ့ရောက်ရှိလာတဲ့သူတွေ၊ မန္တလေးငလျင်အပြီးမှာ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့သူတွေက ရန်ကုန်မြို့ကို ပြောင်းရွှေ့လာတဲ့အတွက်ကြောင့် အိမ်ခြံမြေဈေးကွက်က ပြန်သွက်လာတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ နယ်ဘက်တွေမှာ မငြိမ်းချမ်းလို့ ရန်ကုန်ကို ခိုလှုံလာတဲ့သူတွေလည်းရှိတယ်။ အများစုက ရှိတာကို ရောင်းချပြီး ဒီမှာ အနည်းဆုံးတိုက်ခန်းဝယ်ကြတယ်။ ကျောက်မြောင်းလိုနေရာမျိုးဆိုရင် ရခိုင်ဘက်ကလာတဲ့သူ တွေအများကြီးပဲ။ တိုက်ခန်းတွေဝယ်ကြတယ်။ အဲ့ဒီထက် ပိုက်ဆံရှိတဲ့သူတွေကျတော့ မြို့သစ်ဖြစ်တဲ့ မြောက်ဒဂုံ လိုနေရာ၊ အရှေ့ဒဂုံလိုနေရာတွေမှာ ဝယ်ကြတယ်။ အဲ့ဒီဘက်မှာက ပေ ၄၀× ပေ ၆၀ အကွက်တွေရှိတော့ ဝယ်ကြတယ်။ အဲ့ဒါကြောင့် အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ် သွက်လာတာ” လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
အဲ့ဒီအပြင် အိမ်ခြံမြေဈေးကွက်ကို ဝင်ကစားတဲ့သူတွေများလာတဲ့ အခြေအနေတစ်ခုမှာရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဈေးကစားတဲ့သူအများစုက ပါမစ်နဲ့ စလစ်မြေလိုဟာမျိုးကို အရောင်းအဝယ် လုပ်ကြတာဖြစ်ပါတယ်။
■ အာရှနိုင်ငံအချို့ထက် ဈေးကြီးနေတဲ့ မြန်မာ့အိမ်ခြံမြေ
အာရှမှာ အိမ်ခြံမြေဈေးကောင်းတဲ့ နိုင်ငံကတော့ စီးပွားရေးအလုပ်အကိုင် ကောင်းမွန်တဲ့ ဟောင်ကောင် အိမ်ခြံမြေ ဈေးကွက်ဖြစ်ပါတယ်။ ဟောင်ကောင် အိမ်ခြံမြေဈေးကွက်မှာဆိုရင် တစ်စတုရန်းပေကို ဒေါ်လာ ၄၀၀၀ နဲ့ ၇၀၀၀ အကြားမှာရှိပါတယ်။ ထို့အတူပဲ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဆိုရင်လည်း တစ်စတုရန်းပေကို ဒေါ်လာ ၂၀၀၀ နဲ့ ၅၀၀၀ ကြားမှာရှိပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာဆိုရင် ထိုင်း၊ စင်ကာပူ အစရှိတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ အိမ်ခြံမြေ ဈေးက အမြင့်ဈေးမှာရှိပါတယ်။အဲ့ဒီလို ဈေးမြင့်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လို နေရာမျိုးရဲ့ အိမ်ခြံမြေ ဈေးနှုန်းထက် မြန်မာနိုင်ငံ ကမ္ဘာအေးဘုရားလမ်းပေါ်က အိမ်ခြံမြေဈေးနှုန်းက ပိုမြင့်နေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ မြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၇၀၀ နဲ့ ၁၂၀၀ ကြားမှာရှိတဲ့ အချိန်မှာ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ အိမ်ခြံမြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၁၅၅၀ အနည်းဆုံး ရှိနေပါတယ်။
အလားတူ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမှာဆိုရင် မြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၂၅၀ နဲ့ ၅၀၀ ကြားမှာပဲရှိပါတယ်။ စင်ကာပူလို မြေရှားတဲ့ နိုင်ငံမှာဆိုရင်တော့ မာရီနာဘေးလိုနေရာမျိုးမှာဆိုရင် ဒေါ်လာ ၁၅၀၀ နဲ့ ၃၀၀၀ ကြားမှာရှိပါတယ်။
■ အိမ်ခြံမြေမှာ ဘာကြောင့် ငွေကြေးလည်ပတ်မှုအားကောင်းနေတာလဲ
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ မငြိမ်းချမ်းတဲ့ဒေသတွေကနေ ရွှေ့ပြောင်းရောက်ရှိလာမှုနဲ့ အတူ အိမ်ခြံမြေဈေးကွက်က စတင်လှုပ်ခတ်လာပါတယ်။ အရောင်းအဝယ်တွေ သွက်လာသလို အဌားပြောင်း ရွှေ့မှုတွေလည်း ရှိလာပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အခြားစီးပွားရေးလုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်ရချိန်မှာ ငွေရှိတဲ့သူတွေက အိမ်ခြံမြေဘက်ကို စတင်ရင်းနှီးမြုပ်နှံလာကြပါတယ်။ မြန်မာစကားပုံမှာရှိတဲ့ မြေဝယ်မကျ ဆိုတဲ့အတိုင်း ကျပ်သိန်း ထောင်နဲ့ချီတဲ့အကွက်ကနေစပြီး ကျပ်သိန်းသောင်းနဲ့ချီအကွက်တွေကို ရင်းနှီးမြုပ်နှံကြပြီး ရောင်းချမှု တွေ ရှိလာတာဖြစ်ပါတယ်။
မြေကွက်တစ်ကွက်ကိုပဲ လပိုင်းအကြာမှာ ကျပ်သိန်း ရာနဲ့ချီ မြတ်သွားတဲ့သူတွေရှိသလို အချို့ဆို ထောင်နဲ့ချီမြတ်သွားတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီလို အမြတ်အစွန်းတွေရရှိတဲ့အတွက်ကြောင့် အများစုက အိမ်ခြံမြေဘက်ကို ရင်းနှီးမြုပ်နှံလာကြတဲ့အတွက် အိမ်ခြံမြေဈေးနှုန်းတွေ တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
Eleven Media Group Co., Ltd
■ Property Tax က အခြေခံလူတန်းစား၊ လူလတ်တန်းစားနှင့် အများပြည်သူအပေါ် ဖိစီးမှုမရှိနိုင်
■ အိမ်နီးချင်းနိုင်ငံများကဲ့သို့ Property Tax ကောက်ခံမည်ဆိုပါက စုစုပေါင်းအခွန်ဝင်ငွေ၏ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ရရှိနိုင် ■ တရားမဝင် ငွေကြေးဖြင့် ချမ်းသာနေသူများ၊ မြေစျေးကစားသူများနှင့် ငွေကြေးခဝါချမှုများအပေါ် ပြည်သူလူထု အကျိုးစီးပွားအတွက်…

2August 1, 2026 415 2