၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး ထုတ်ပြန်ချက်”
============
စက်တင်ဘာလ ၁၆ ရက်နေ့သည် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “ပိုမိုအေးမြ မြေကမ္ဘာ၊ စုပေါင်းအားနဲ့ တည်ဆောက်ပါ (Global action for a cooler planet)” ဖြစ်ပါသည်။
အိုဇုန်းလွှာကို ပျက်စီးစေသည့် ဒြပ်ပစ္စည်းများကို အစားထိုးရန် အသုံးပြုခဲ့သည့် အအေးခန်းစနစ်သုံး ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) သည် ကမ္ဘာကြီးကို ပူနွေးစေသောကြောင့် HFC ထုတ်လုပ်သုံးစွဲမှုကို တဖြည်းဖြည်း ကန့်သတ်လျှော့ချသွားရန် ၂၀၁၆ ခုနှစ်တွင် ကီဂါလီပြင်ဆင်ချက်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၁၀ စုနှစ် တစ်ခုပြည့်ခဲ့ပြီဖြစ်ပြီး ယင်းအထိမ်းအမှတ်ကို ဂုဏ်ပြုခြင်းလည်း ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ ဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို အဆင့်လိုက် ထိန်းချုပ်ရပ်ဆိုင်းခြင်း၊ သီးခြားဘဏ္ဍာငွေ သတ်မှတ်ပံ့ပိုးခြင်းနှင့် ထိရောက်သော မိတ်ဖက်ပူးပေါင်းမှုတို့ဖြင့် ပါးလွှာပျက်စီးလာသော အိုဇုန်းလွှာကို ကုစားနိုင်ပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံများနှင့် စက်မှုလုပ်ငန်းများအတွက် ရေရှည်တည်တံ့သော အစားထိုးပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုဆီသို့လည်း ကူးပြောင်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသော ယခုလို သမိုင်းဝင်အချိန်ကာလသမယတွင် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် အအေးခန်းသုံးစနစ်များ၊ အသုံးအဆောင်ပစ္စည်းများကို ဦးစားပေး ရွေးချယ်သုံးစွဲ၍ အမိကမ္ဘာမြေအတွက် ပိုမိုအေးမြပြီး ရေရှည်တည်တံ့သော အနာဂတ်ကို စုပေါင်းအင်အားဖြင့် ဖော်ဆောင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုဖော်ပြလိုက်ရပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#WorldOzoneDay
#MontrealProtocol
#KigaliAmendment
#MONREC
#NUG
















