"ပျောက်သောသူ ရှာလို့မတွေ့"
ကျွန်တော်ရှာနေတာ နွေ၊မိုး၊ဆောင်းရာသီတွေပြောင်းနေပြီ
ဘုရားတန်းဆောင်းတွေ ကြာသပတေးနံထောင့်တွေမှာရော
တွေ့မိသေးလား မြင်မိလိုက်ကြသေးလား
မင်းဘယ်မှာလည်း မြနှင်းဆီ
အသံကုန်အော် ကိုယ်ခေါ်နေတယ်လေ
အခုတွေ့မလား တော်ကြာတွေ့မလား
ဘယ်တော့တွေ့ရမှာလည်း မြနှင်းဆီရေ
နေမင်းကြီးလည်းညို တောတောင် အလျှိုလျှိုတွေထဲ
မျက်စိလည်လမ်းမှား မင်းအိပ်ပျော်နေတာလား မြနှင်းဆီ
ကြေးစည်ကိုသုံးချက်ထု အိမ်ရှေ့မြေအိုးခွဲ
သူတို့တွေ မင်းကို ခေါ်သွားတုန်းက
မင်းကိုယ့်ကို တစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ဘူး
ကိုယ်လိုက်ရှာနေတယ် မြနှင်းဆီရေ
အင်္ကျီလေးကိုနောက်ပြန်ဝတ် မင်းမျက်လွှာချထားတဲ့ပုံလေးကို
ကိုယ်မှတ်မိသေးတာပေါ့ အချစ်ရယ်
သတိရခြင်းတွေကိုကျေားပိုး မျက်ရည်များကို ထုပ်ပိုးပြီး
ဒီအမှောင်ယံညတွေထဲ ခြေဦးတည်ရာ စိတ်စေရာ
ဝေးဝေးဝါးဝါးထဲ ကိုယ်မင်းကိုရှာတွေ့ပြီ မြနှင်းဆီ
အရင်ကလို အတိတ်ကလို မင်းကစိတ်ကောက်နေတုန်းလားကွယ်
စိတ်မကောက်လိုက်ပါနဲ့ မြနှင်းဆီ
ကံကခွဲခဲ့လို့ ကိုယ်တို့ကွဲခဲ့ကြတာပါ
လှည့်ကြည့်ပါအုန်း မြနှင်းဆီရယ်
မင်းနောက်ဆုံးထားခဲ့တဲ့ ကိုယ်သင်းရနံ့လေးကို အဖော်လုပ်
ဒီအိမ်မက်တွေထဲ ကိုယ်အရောက်လာခဲ့ပါပြီ မြနှင်းဆီ။
-မိုးသစ်ပင်
6August 4, 2026 2.6K 2