အဲ့လိုပင်ပန်းနေတဲ့အချိန် မျက်နှာကို ရေထိတော့ မလန်းသွားဘူးလား”… — MBS CHANNEL — TG.ME

“အဲ့လိုပင်ပန်းနေတဲ့အချိန် မျက်နှာကို ရေထိတော့ မလန်းသွားဘူးလား”
သူ့စကားကို ပါကညောက ခေါင်းကို ခပ်မြန်မြန်ညှိတ်၊ ခုနက စင်လာတဲ့ရေတွေကို လျှာနဲ့သပ်ပြီး
“လန်းတယ်”
“အဲ့တာဆို စစ်ကို နိုင်အောင်ပြန်တိုက်ဖို့ အားမဖြစ်ဘူးလား”
“ဖြစ်တယ်၊ ဖြစ်တယ်၊ ဟိုကောင်တွေ ဘယ်လိုတိုက်နေလဲ၊ ဒီဖက်မှာ မမြင်ဘူးလား”
ဆိုပြီး ပါကညောကြီး ထအော်တဲ့အထိပဲ။ ဒါကို ငပိန်က လူတိုင်း ရဲ့မျက်နှာကို ရေပိုက်ကလေး ညှစ်ကာညှစ်ကာနဲ့ပဲ
“စစ်တိုက်မရှိဘူးဆိုလဲ မျက်နှာသစ်မလား၊ ပလုတ်ကျင်းမလား၊ အားလုံးလုပ်လို့ရတယ်”
“ဟုတ်လား၊ မှန်းစမ်း”
ဘသန်းဆို ရေပိုက်ရှေ့ ပါးစပ်အကျယ်ကြီးဟပြီး ပလုတ်ကျင်းလိုက်သေး။ ပြီးမှ
“နိပ်သဟ”

ဆိုပြီးတောင် ထအော်ယူရတယ်။ နောက်မှ သတိရပြီး
“ဒီ ဒီလည်ဆွဲလား၊ ဘယက်လား၊ တကယ်တုတ်ပြီးဓားပြီးတာလား”
သူ့အမေးကို ငပိန် မျက်မှောင်ကျုံ့လိုက်ပြီး
“သမာဓိအားကောင်းရင်တော့ ပြီးတယ်ကြားဖူးတာပဲ၊ စမ်းကြည့် လေ”
ဆိုတော့ ပါကညောကလဲ လူမိုက်လေ။ ဒါကြောင့် သူ့တပည့်ဓား ဖိုးဌေးဘက်လှည့်ပြီး
“ဟေ့ကောင် ဖိုးဌေး”
“ဗျာ ပါပါကြီး”
“ငါ့နံကြားကို မင်းလက်သီးနဲ့ ခပ်ဆတ်ဆတ်လေး တစ်ချက်လောက် ဆောင့်ထိုးစမ်း”
“ခင်ဗျာ”
“နံကြားကို ဆောင့်ထိုးစမ်းပါဆို၊ တကယ်ပီးမပီး သိချင်လို့”
ဟိုကလဲ လူမိုက်နောက်လိုက်ဆိုတော့ ပြောတဲ့အတိုင်းလုပ်တယ်။

“ဘုတ်”
“အွန့်”
ဖိုးဌေးလက်သီးချက်က ပြင်းတော့ ပါကညော မျက်လုံးတွေပြာပြီး အသက်ရှူပါကျပ်သွားတယ်။
ဒါပေမယ့် ဟန်မပျက်အောင်ထိန်းရင်း
“ဟာ အဟုတ်ဟ၊ သိပ်မနာဘူးရယ်”
ဆိုတော့ ဓားဖိုးဌေးက ပါလာတဲ့ဓားထုတ်ပြီး
“ဓားနဲ့ရောစမ်းကြည့်မလား ပါပါကြီး”
ဖိုးဌေးရဲ့ဓားကိုမြင်တော့ ပါကညောလန့်သွားတယ်။ ဒါနဲ့ပဲ လက် ကာပြပြီး
“ဓားနဲ့က နောက်မှစမ်းပါကွာ၊ ငါသမာဓိအားကောင်းမှ စမ်းမယ်”
ဆိုပြီး မနည်းတားယူရတယ်။
“ကဲ အားလုံးပဲ ဗိုလ်ထိုင်ကို မြင်ပြီးပြီဆိုတော့ အပြင်မှာ ဈေးညှိ ကြရအောင်”
အားလုံးအပြင်ထွက်လာကြတော့တယ်။
+++
ဆောင်းအဝင်ကာလဆိုတော့ ရာသီဥတု မျှတတယ်ဆိုရမယ်။ သိပ်လဲမပူဘူး။ သိပ်လဲမအေးဘူး။
မလက်တို လတ်လတ်ဆတ်ဆတ် ခုတ်ထစ် ကြော်လှော်ထားတဲ့ ကြက်သားလေးက နွေးနေတုန်း။ ထန်းရည်ကျတော့လဲ ခပ်အေးအေးလေးရယ်။ အဲ့လို ရာသီဥတုက ကိုယ့်ဘက်ပါတာ။
ဒိုးကျသူကြီးက သူ့ခေါင်းပေါင်းကိုဖြုတ်ပြီး သူ့ခေါင်းကိုသူပွတ်တယ်။
“အေးကွ၊ မင်းဗိုလ်ထိုင်ကြီးက အသုံးတော့ ဝင်ပါရဲ့၊ ငါ့စိတ်ထဲတော့ တစ်မျိုးပဲကွ၊ နောက်မှီကလဲ နိမ့်နေတာ”

အမှန်တော့ ဈေးနှိမ်ချင်လို့ အပြစ်တွေ စဉ်းစားနေတာ။
“ဒီလိုလုပ်ကွာ၊ ငါက ဆယ်အပေါ်လောက် တော့ ပေးနိုင်တယ်၊ ဘယ့်နှယ်လဲ”
ဦးစံကြီးစကားကို ငပိန် ဘာမှမတုန့်ပြန်ဘူး။ ထန်းရည်ကိုသာ စိမ် ပြေနပြေထိုင်သောက်နေတယ်။ ပါကညောကြီးကတော့ တစ်ခုခုကို အသေ အချာစဉ်းစားနေပုံပဲ။ တစ်ချက်တစ်ချက် သူ့တပည့်ဖိုးဌေးကို တိုးတိုးကပ်ပြီး တိုင်ပင်သေးတယ်။ ဦးစံကြီးကသာ ဆက်ပြီး
“နောက်ပြီးစဉ်းစားကြည့်တော့ ခုံကလေးကလဲ ပုနေတယ်ဟ၊ ငါက မြင့်တော့ ခြေထောက်က ထောင်နေမှာဟေ့”
သူက တပည့်ကျော်ရွာခေါင်းဘသန်းကို လှမ်းအကူအညီတောင်းတယ်။ ဟိုကလဲ ခေါင်းညိတ်ပေးရှာတယ်။ ဒါကြောင့် အားတက်ပြီး

“ဒီလိုလုပ်ကွာ၊ ငါနဲ့လဲ သိပ်မသင့်တော်တော့ ဆယ်ကြီးဂဏန်းတော့ ပေးမယ်ကွာ”
ငပိန် စိတ်ဝင်စားသွားပုံရတယ်။ သောက်လက်စထန်းရည်ခွက် တန့်သွားတယ်။ ဆယ်ကြီးဂဏန်းဆိုတာ နည်းတာမှတ်လို့။ ရွှေဒင်္ဂါးတစ်ပြားမှ ကိုးကျပ်လေ။ ဆန်လေးတင်းကို သုံးကျပ်။ ဆီတစ်ပုံးနှစ်ကျပ်ဆိုတော့ ဆယ်ကြီးဂဏန်းဆိုတာ နည်းတာလိုက်လို့။
ငပိန် ထန်းရည်ခွက်ကို ပြန်ချပြီး ခေါင်းညိတ်မယ် လုပ်တုန်းမှာပဲ
“တစ်နှစ်ကွာ ကဲ”
ပါကညောကြီးထအော်သံ။ ငပိန် မျက်လုံးတွေ ချက်ချင်းအရောင် လက်သွားတယ်။ ဒါကြောင့် သူလဲ ထအော်တယ်။
“အရင်စာချုပ်အတိုင်း”
“ငင့် ဘာတွေလဲ၊ ဘာတွေပြောနေတာလဲ”
“ဘာလဲ တစ်နှစ်က”
ဦးစံကြီးတို့ ဘသန်းတို့က ကြောင်နေတယ်။ ဘာဖြစ်လို့ဖြစ်မှန်း ဘာပြောလို့ပြောရမှန်းမှ မသိတာ။ ဒါကြောင့် ကြောင်တောင်တောင်နဲ့

“ဘာ ဘာပြောနေကြတာလဲဟင်”
ငပိန်တို့ ပါကညောတို့ကတော့ သူတို့ကို ဂရုမစိုက်တော့ဘူး။ သူတို့ဟာသူတို့ လိုရာကိုပြောနေတာ။
“အဲ့ဒီအတိုင်းပဲ”
“ဒါဆို အရောင်းအဝယ်ဖြစ်ပြီ”
“ဟမ်”
ရုတ်ခြည်းပဲ ပါကညောနဲ့ငပိန် အရောင်းအဝယ်ဖြစ်သွားတော့ ဦးစံကြီးနဲ့ဘသန်း ကြောင်ကရော့ဖြစ်သွားတယ်။
“မလက်တို ကြားတယ်နော်”
“ကြားပါ့”

“ကဲ ဒါဆိုပြီးပြီ”
“ငင့်”
ဦးစံကြီး ယောင်လည်လည်နဲ့ သူ့ခေါင်းသူကုတ်ပြီး
“ငါ့လဲ ပြောကြပါဦး၊ ဘယ်ဟာကို ဘယ်လို၊ ဘယ်လောက်နဲ့ အရောင်းအဝယ်ဖြစ်သွားတာလဲဟင်၊ မလက်တို ငါ့ကိုလဲ ရှင်းပြပါဦး”
ဆိုပြီး မလက်တိုကို လှမ်းအကူအညီတောင်းတယ်။ ဟိုကလဲ တစ်ခွန်းပဲပြန်ဖြေတယ်။
“မပြောဘူး”
ဒီလိုနဲ့ အဲဒီဗိုလ်ထိုင်ကြီးကို ပါကညောက သူ့ရွာထဲ ငပိန် စိတ်ကြိုက် ခိုးခွင့်တစ်နှစ်နဲ့ အလပ်အထပ်လုပ်ပြီးရသွားတယ်။
+++


#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳
❤1👍1
August 3, 2024 952