မင်းကင်းမြို့နယ် ပကဖ နဲ့ ပအဖ တာဝန်ခံ ၂ ဦးကို ကျပ်သိန်းပေါင်း… — luu Myat kyaw — TG.ME

မင်းကင်းမြို့နယ် ပကဖ နဲ့ ပအဖ တာဝန်ခံ ၂ ဦးကို ကျပ်သိန်းပေါင်း တသိန်းခွဲကျော် အလွဲသုံးမှုနဲ့ NUG တပ်ရင်း ၄ ခုက တိုင်ကြားထား

ဩဂုတ် ၂၃၊ ၂၀၂၆။


NUG လက်အောက်ခံ တပ်ရင်း ၄ ရင်းက မင်းကင်းမြို့နယ် ပကဖ တာဝန်ခံ ကိုညိုလွင်နဲ့ ပအဖ တာဝန်ခံ ကိုဝင်းမင်းစိုးတို့ ၂ ဦးကို ကျပ်သိန်းပေါင်း ၁ သိန်းခွဲကျော် အလွဲသုံးမှုနဲ့ တိုင်ကြားထားတယ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနကို လိပ်မူထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က တိုင်ကြားထားတာဖြစ်ပါတယ်။

တိုင်ကြားခဲ့တဲ့ တပ်ရင်းတွေဟာ မင်းကင်းမြို့နယ်က NUG တပ်ရင်းတွေဖြစ်ပါတယ်။ မင်းကင်းမြို့နယ်မှာ  NUG လက်အောက်ခံ တပ်ရင်း ၅ ရင်းရှိတဲ့အနက် တပ်ရင်း ၄ ခုက တိုင်ကြားခဲ့တာပါ။ ကလေးခရိုင် အမှတ် ၇ တပ်ရင်း၊ ကလေးခရိုင် အမှတ် ၈ တပ်ရင်း၊ ကလေးခရိုင် အမှတ် ၉ တပ်ရင်းနဲ့ ကလေးခရိုင် အမှတ် ၁၀ တပ်ရင်းတို့ပဲ ဖြစ်ပါတယ်။

တိုင်ကြားစာထဲမှာ မင်းကင်းမြို့နယ် ပကဖ တာဝန်ခံက မြို့နယ်အတွင်း ကောက်ခံရရှိတဲ့ အခွန်၊ သယံဇာတ ဒဏ်ကြေး၊ အလှူငွေတွေကို မြို့နယ် ပအဖ တာဝန်ခံနဲ့ ပူးပေါင်းပြီး အလွဲသုံးစား ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

“ဒီတိုင်စာထက် အရင်တစောင်တင်ခဲ့သေးတယ်။ ခရိုင်ကွပ်ကဲရေးကို။ ဒါပေမဲ့ ခရိုင်ကွပ်ကဲရေးကလည်း ဘာမှ မလုပ်ခဲ့ဘူး။ အဲဒါကြောင့် နောက်ထပ်တစောင် အမျိုးသားညီညွတ်ရေး အစိုးရဆိုပြီး တင်ခဲ့တာ။ အဲဒီအပေါ်မှာလည်း အခုအချိန်အထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးဘူး”

အလွဲသုံးစား ပြုလုပ်ခဲ့တယ်ဆိုတဲ့ ငွေကြေးစာရင်းနဲ့ ပမာဏကိုလည်း တိုင်ကြားစာထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။ အဲဒီစာရင်းတွေကို အားလုံးပေါင်းလိုက်မယ်ဆိုရင် ကျပ်သိန်းပေါင်း ၁ သိန်းခွဲကျော်အထိ ရှိပါတယ်။

တိုင်ကြားစာထဲက စာရင်းအရ ၂၀၂၄-၂၅ ခုနှစ်အတွင်း ရွှေမျော လုပ်ငန်းခွင်တွေက ကောက်ခံရရှိတဲ့ ငွေကျပ် သိန်းပေါင်း ၆ သောင်းခွဲကျော်၊ ၂၀၂၅ ပအဖ ဖြတ်သန်းခွန်က သိန်းပေါင်း ၅ ထောင်ကျော်၊ ၂၀၂၆ ပအဖ အခွန်ငွေထဲက ကျပ်သိန်းပေါင်း ၂ သောင်းကျော်၊ ၂၀၂၆ လောင်းပြည့် ရွှေမျောလုပ်ငန်းခွင်ထဲက စစ်အောင်နိုင်ရေး ရံပုံငွေ ကျပ်သိန်းပေါင်း ၄ သောင်းကျော်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ၂၀၂၄-၂၅ ခုနှစ်အတွင်း ရွှေမျောလုပ်ငန်းခွင်တွေကနေ ကောက်ခံရရှိတဲ့ ဒဏ်ကြေးငွေ သိန်းပေါင်း ၅ သောင်းကျော်ထဲက ကျပ်သိန်းပေါင်း ၂ သောင်းကျော်ကိုသာ စာရင်းသွင်းပြီး ကျန်ငွေ ကျပ်သိန်းပေါင်း ၃ သောင်းကျော်ကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်လို့ ရေးသားထားပါတယ်။

၂၀၂၅-၂၆ ခုနှစ်အတွင်း မြောက်ချွန်း ရွှေမျောလုပ်ငန်းခွင်မှာလည်း ပြည်ထောင်စုက သတ်မှတ်ထားတဲ့ ငွေကြေးထက် တဖောင်ကို သိန်း ၂၀ နှုန်း ပိုကောက်ခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီလို ပိုကောက်ခဲ့တဲ့အတွက် တလကို ပိုငွေ ကျပ်သိန်း ၁၆၀၀ ကျော်နဲ့ ၄ လ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီ ပိုငွေတွေကို သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့ဝင်တွေနဲ့အတူ ခွဲဝေသုံးစွဲခဲ့တယ်လို့ ရေးသားထားပါတယ်။

“ပြီးခဲ့တဲ့ နှစ်မှာ မင်းကင်းမှာ အဓိက ရွှေမှော် ၂ နေရာ ရှိတယ်။ မြောက်ချွန်း ရှိမယ်။ လောင်းပြည့်ရှိမယ်။ မြောက်ချွန်းရွှေမှော်မှာ ဝန်ကြီးဌာနက ပေးတဲ့ ဖောင်တဖောင်ကို ကောက်ခံရမယ့် နှုန်းက သိန်း ၈၀။ သူတို့က သိန်း ၁၀၀ ကောက်လိုက်တယ်။ မြောက်ချွန်းမှာ ရွှေဖောင် ၁၀၀ စွန်းစွန်းလောက်ရှိတယ်။ တဖောင်ကို သိန်း ၂၀ ဆိုရင် ဖောင် ၁၀၀ ဆိုရင်ပဲ သိန်း ၂ ထောင်။ ၃ ခါကောက်မယ်ဆို သိန်းပေါင်း ၆ ထောင်ပေါ့။ အနီးစပ်ဆုံးကို ပြောပြတာ”

နောက်ထပ်လည်း လောင်းပြည့်ရွှေမျော လုပ်ငန်းခွင်အတွက် လောင်းပြည့်ရွာခံတွေကို လုပ်ငန်းရှင်က ပေးတဲ့ နစ်နာကြေးငွေထဲက ကျပ်သိန်း ၃ ထောင်ကို ပအဖ တာဝန်ခံက အာဏာသုံးပြီး ယူဆောင်သုံးစွဲထားတယ်လို့ စွပ်စွဲထားပါတယ်။

မြောက်ချွန်းခွင်မှာ အခွန်ကို ငွေသားနဲ့ ကောက်ခံပေမဲ့ လောင်းပြည့်မှော်မှာတော့ အခွန်ကို ရွှေနဲ့ ကောက်တာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ဒီအခွန်ငွေကြေးတွေကို သူတို့ နှစ်ယောက်ကပဲ ကိုင်တွယ်ပြီး ကျန်တဲ့သူတွေကို စာရင်းဇယား ဘာမှမရှင်းပြတော့ဘူး။ ပြီးတော့ သူတို့စိတ်ကြိုက်သုံးစွဲတာပေါ့။ လောင်းပြည့်မှော်မှာဆို အခွန်ကို ရွှေနဲ့ကောက်တာ။ တလ ကို တကျပ်သားနှုန်းနဲ့ ကောက်တယ်ဆိုရင် ၁၀ ဖောင်ကို ၁၀ သားဗျာ။ ဖောင် ၁၀၀ ဆို ၁ ပိဿာ။ ခေတ်ကာလ တန်ကြေးနဲ့ တွက်ကြည့်ပေါ့” လို့ ဆိုပါတယ်။

၂၀၂၅ မတ်လမှာလည်း ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် မျောပိုင်တွေက လှူဒါန်းငွေ သိန်း ၁ ထောင်ကိုလည်း ပအဖ တာဝန်ခံက အလွဲသုံးစား ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

“အဓိကက ပကဖ တာဝန်ခံနဲ့ ပအဖ တာဝန်ခံ။ သူတို့ ၂ ယောက်ကပဲ ဦးဆောင်ပြီးတော့ လုပ်တာ။ အခွန်ကောက်ခံရေးအဖွဲ့၊ အခွန်အရာရှိဆိုပြီးတော့ သီးသန့်တော့ ရှိတယ်။ ဒါပေမဲ့ သူကလည်း ပကဖ တာဝန်ခံနဲ့ ပအဖ တာဝန်ခံရဲ့ ရုပ်သေးရုပ်ပေါ့။ သူတို့ခိုင်းတဲ့အတိုင်း လုပ်ရတာ” လို့ သတင်းရင်းမြစ် တဦးက ပြောပါတယ်။
👍18🤣3
August 23, 2026 1.4K 1