သရက်ချောင်းနှင့် လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းက ပြည်သူ ၁ ဦးကို ပစ်သတ်၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
စက်တင်ဘာလ ၈ ရက်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၁ ဦးကိုပစ်သတ်ခဲ့ကြောင်း Rehmonnya - Human Rights Foundation of MonLand ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဩဂုတ်လပိုင်းက စတင်ကာ စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကြောင်း ၂ ကြောင်းခွဲ၍ သရက်နှစ်ခွရွာကို ဝင်ရောက်လာစဉ် တော်လှန်ရေးတပ်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် သရက်နှစ်ခွရွာတွင် နေထိုင်သော အသက် ၅၀ ကျော်အရွယ် ဒေါ်ရင်မြင့် ကျည်ထိမှန်ခဲ့ပြီး သွေးထွက်လွန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"သရက်နှစ်ခွရွာက မြိတ်-ထားဝယ် လမ်းဘေးက ရွာပဲ ဒီကောင်တွေ စစ်ကြောင်းထိုးလာတာကို တော်လှန်ရေးတပ်က မိုင်းဆွဲ ဟန့်တားတာပေါ့။ အဲတာကို စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ ရမ်းသမ်း ပစ်တာ ပြည်သူအမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး သွေးထွက်လွန်လို့ သေဆုံးတယ်။ ခွေးစစ်ကြောင်းက မြိတ်-ထားဝယ် လမ်းကို ပြန်ထိန်းချုပ်ချင်နေတာ စစ်ကြောင်းထိုးနေတာ ဩဂုတ်လတည်းက ထိုးနေတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
သေဆုံးသွားသော ဒေါ်ရင်မြင့်၏ ရုပ်အလောင်းကို စစ်တပ်က အချိန်အတော်ကြာမြင့်အောင် သယ်ဆောင်ခွင့်မပေးသော်လည်း လက်ရှိချိန်တွင် နေအိမ်သို့ ပြန်လည် သယ်ဆောင်ခွင့်ပေးကြောင်း၊ ထို့ပြင် ဒေါ်ရင်မြင့် ရုပ်အလောင်းကို စက်တင်ဘာလ ၉ ရက်နေ့တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း Rehmonnya - Human Rights Foundation of MonLand ထံမှ သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်း ထိုးလာ၍ ပြည်သူများ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် လောင်းလုံးမြို့ပေါ်မှ အင်အား ၁၀၀ ကျော် ပါဝင်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြင်းထိန်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
"ဒီနေ့ လောင်းလုံးမြို့ပေါ်က စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေ ပြင်းထိန်ရွာကို ရောက်နေတယ်။ အခုထိ ရွာထဲမှာ တပ်စွဲထားတုန်းပဲ ဘယ်ကို ဆက်လက် ထွက်ခွာမလဲတော့ မသိဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုစစ်ကြောင်းသည် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဝင်ရောက်သွားပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် လောင်းလုံးမြို့ပေါ်မှ ပြန်လည် ထွက်ခွာလာကာ ပြင်းထိန်ရွာကို ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းသည် မည်သည့် နေရာသို့ ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေး၍ ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက အသိပေး ပြောဆိုထားသည်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo

38
3
2
1
1September 8, 2026 1.9K 3