မန္တလေးမှာ အုပ်ကြီးအသစ်တွေ အာဏာပြပြီး စစ်သားသစ် ပိုမို စုဆောင်းနေ၊… — Hlaing Info — TG.ME

မန္တလေးမှာ အုပ်ကြီးအသစ်တွေ အာဏာပြပြီး စစ်သားသစ် ပိုမို စုဆောင်းနေ၊

▪️ရပ်ကွက်ထဲ မဲနှိုက်ခိုင်း၊ လမ်းပေါ် ပေါ်တာဆွဲတာအပြင် ဧည့်စာရင်းအကြောင်းပြ အိမ်ထဲအထိပါ ပေါ်တာ ဝင်ဆွဲ၊

စက်တင်ဘာလ ၁ ရက်

မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စု သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်တွေ အာဏာပြကာ ပေါ်တာဆွဲ၊ စစ်သားသစ် စုဆောင်းတာတွေ ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်၊ အုပ်ချုပ်ရေးမှူးအဟောင်းနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ ရပ်ကွက်ထဲ မဲနှိုက်ခိုင်းပြီး စစ်သားသစ် စုဆောင်းတာ၊ လမ်းပေါ်မှာ ပေါ်တာပတ်ဆွဲတာ အပြင် ဧည့်စာရင်း စစ်တယ်လို့ အကြောင်းပြပြီး ရပ်ကွက်ထဲ အိမ်ပါ်အထိ တက်ကာ ပေါ်တာဆွဲနေတယ်လို့ ဆိုပါတယ်။

ဆင်းရဲသား အခြေခံ လုပ်သားတွေကို အဓိက ပစ်မှတ်ထားကာ ပေါ်တာဆွဲ၊ စစ်သားသစ် စုဆောင်းပြီး ငွေကြေး တတ်နိုင်သူတွေကိုတော့ စစ်မှုထမ်းကြေး ဆက်ကြေးငွေကောက်ယူနေတာလို့ ဆိုပါတယ်။

ယခုရက်ပိုင်း မန္တလေးမြို့ ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်အလိုက် မဲနှိုက်ခိုင်းကာ စစ်သားသစ် စုဆောင်းနေပြီး မြို့ပေါ် နေရာအနှံ့မှာတော့ အလုပ်သွားအလုပ်ပြန်ချိန်နဲ့ ညအချိန်တွေ ပေါ်တာပတ်ဆွဲသလို နေအိမ်ထဲအထိ စီးနင်းဝင်ရောက် ပေါ်တာဆွဲနေတယ်လို့ မန္တလေးမြို့ခံ မြေပြင်ကင်းထောက် Voice Of Mandalay (Vomdy) က ဖော်ပြပါတယ်။

"ပေါ်တာဆွဲတာ ဟုတ်တယ်။ အခုက အပတ်စဥ် ၂၈ အတွက် လူလိုနေလို့တဲ့ ပတ်ဆွဲနေတာ၊ သားသမီး ရှိတဲ့ မိဘတွေ အကုန် စိုးရိမ်နေကြတယ်။ ညဘက် အသွားအလာ ဆင်ခြင်ဖို့ မှာကြတယ်။ ဒါပေမဲ့ အိမ်မှာ၊ အလုပ်မှာ၊ လမ်းမှာ၊ တွေ့ပြီး ခေါ်သွားမှာလည်း စိုးရိမ်နေကြတယ်” လို့ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်မှာ နေထိုင်သူတစ်ဦးက MFP ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူးအသစ်တွေက စစ်အုပ်စု အလိုကျစေဖို့အတွက် ပေါ်တာပိုဆွဲ၊ စစ်သားသစ် ပိုမို စုဆောင်းပေး နေကြတာ ဖြစ်မယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဩဂုတ် ၁၈ ရက်ကနေ ၂၄ ရက်အထိ တစ်ပတ်အတွင်း မန္တလေးမြို့ပေါ်မှာ လူငယ် ၁၅ ဦး ထက်မနည်း ဖမ်းဆီး ပေါ်တာဆွဲ ခံရတယ်လို့ Vomdy က ဖော်ပြပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၇ ရက်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တခွန်တိုင် နံ့သာရပ်ကွက်မှာ လူငယ် လေးယောက်၊ ဩဂုတ် ၂၈ရက်က အောင်မြေသာစံမြို့နယ်၊ ကမ်းနာလမ်း၊ မြို့ပတ်လမ်း နှင်းဆီအိမ်ယာမှာ လူငယ် နှစ်ယောက်နဲ့ ညပိုင်းမှာ လမ်းဘေးအမှိုက်ပုံဘေး အိပ်နေသူ တစ်ယောက်၊ ဩဂုတ် ၂၉ရက် မနက်ပိုင်းမှာလည်း အဲ့ဒီ အိမ်ယာမှာ နောက်ထပ် လူငယ်တစ်ယောက်၊ ဩဂုတ် ၂၉ရက်မှာ အမရပူရမြို့နယ်၊ ဝက်ကုန်းရပ်ကွက်က လူငယ် လေးယောက်၊ ဩဂုတ် ၂၉ရက်မှာ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနဲ့ လမ်း၄၀ထောင့်၊ ဓာတ်ဆီဆိုင်မှာ ဆီထည့်ပြီး ထွက်လာတဲ့ လူငယ် တစ်ယောက်၊ ဩဂုတ် ၂၉ရက် ညဦးပိုင်း၊ အမရပူရမြို့နယ် စစ်ကိုင်း - မန္တလေး လမ်းဟောင်း အမရပူရ ရဲစခန်းရှေ့မှာ လူငယ် ငါးယောက်ထက်မနည်း၊ သုံးရက်အတွင်း ၁၈ ယောက်ထက်မနည်း စစ်အုပ်စုက ပေါ်တာဆွဲတယ်လို့ Vomdy က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်း မန္တလေးမြို့မှာ စစ်အုပ်စုက ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ်တွေ ခန့်အပ်ခဲ့ပါတယ်။

ယခု စက်တင်ဘာလက စပြီး မန္တလေးမြို့ပေါ် ရပ်ကွက်အလိုက် စစ်သားသစ် လူဦးရေကို လက်ရှိထက် နှစ်ဆ တိုးမြှင့် တောင်းခံဖို့ စစ်အုပ်စုက စီစဉ်နေကြောင်း သတင်းတွေကြားရပြီး လက်ရှိမှာလည်း မြို့ပေါ် နေရာအနှံ့ ဖမ်းဆီး၊ ပေါ်တာဆွဲနေတာကြောင့် ဂရုပြုကြဖို့ Vomdy က သတိပေး ထားပါတယ်။

မန္တလေးမြို့ အပါအဝင် နိုင်ငံတဝန်းမှာ ၂၀၂၄ မတ်လက စလို့ တစ်လကို အနည်းဆုံး လူ ၅၀၀၀ နှုန်း စစ်အုပ်စုက စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး အဲ့ဒီ စစ်သားသစ်တွေကို တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်တိုက်ခိုင်းနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ အထိ ဖွင့်လှစ်ထားပြီး အမှတ်စဉ် ၂၈ အတွက် လူသစ် ရှာဖွေစုဆောင်းနေတာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ စစ်သားသစ် စုဆောင်းနိုင်ရေး မဲနှိုက်ကြဖို့ စစ်အုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက မိုက်နဲ့ လိုက်အော်၊ ခိုင်းစေနေစဉ်/Photo – ဒေသခံ
#MFP
#HlaingInfo
🤬50👎16❤9🔥2👏1
September 1, 2026 2.8K 5