သရက်ချောင်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများ… — Hlaing Info — TG.ME

သရက်ချောင်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေ

ဩဂုတ် ၂၉ ရက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်း၍ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်-သရက်ချောင်းလမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဘေးရှိ လဘရွာ အနီးတွင် တော်လှန်ရေးတပ်များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထားဝယ်-သရက်ချောင်း လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ဩဂုတ်လပိုင်းမှ စတင်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ပြည်သူများကိုလည်း ဖမ်းဆီး နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ပဒတ်ချောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ် စစ်ကြောင်းက ကျောက်လှေကားကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် ၄ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ထော်လာဂျီ၊ သုံးဘီးနှင့် ဆိုင်ကယ်များကို သိမ်းယူကာ ခိုးယူလုယက်ထားသည့် ပစ္စည်းများကို တင်ဆောင်၍ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးစစ်ကြောင်းက ထားဝယ်-သရက်ချောင်း လမ်းပိုင်းကို ထိန်းချုပ်ဖို့ တောက်လျှောက်ကို ထိုးနေတာ သူတို့ နယ်မြေရှင်းတာက လမ်းပိုင်းဘေးက ရွာတွေကို ပစ်မှတ်ထားပြီး လုပ်တာဆိုတော့ ပြည်သူတွေ အကုန်လုံးလည်း တိမ်းရှောင်နေရတယ်။ ရွာထဲမှာ တွေ့ရင် တွေ့တာ အကုန်ယူတယ်။ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေလည်းရှိတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်" ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

#KTM
#HlaingInfo
🤬59❤3👍3🔥1👏1😢1
August 29, 2026 3.2K 2