ဖားကန့်တွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက ၁ နှစ်တာအတွင်း… — Hlaing Info — TG.ME

ဖားကန့်တွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက ၁ နှစ်တာအတွင်း အရပ်သား ပြည်သူ ၁၇၅ ဦးထက်မနည်း သတ်ဖြတ်ခဲ့

ဩဂုတ်လ ၂၉ ရက်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် မိုးကောင်းအခြေစိုက် အမှတ် (၃) တပ်မဟာ စစ်ကြောင်းနှင့် ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းများ ဝင်ရောက်လာသည့် ၂၀၂၅ ခုနှစ် မေလ ၂၈ ရက်နေ့မှစ၍ ယခုအချိန်အထိ ၁ နှစ်ကျော်ကာလအတွင်း အရပ်သား ပြည်သူ ၁၇၅ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ စစ်ကြောင်းတွင် စစ်ကောင်စီတပ်အပြင် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့၊ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်၊ လီဆူး ပြည်သူ့စစ်နှင့် ရှမ်းနီ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များ ပါဝင်ပြီး အရပ်သားများရှိရာ နေရာများကို လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းနှင့် စစ်ကြောင်းထိုးရာ လမ်းတောက်လျှောက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒေသသတင်းရင်းမြစ်က “ဒီတစ်နှစ်ကျော်အတွင်းမှာ လေယာဉ်နဲ့တင် ဂျက်ဖိုက်တာ အစီး ၅၀ ကျော်နဲ့ ဗုံးကြဲသွားတာ။ ပြည်သူ ၁၇၅ ဦးထက်မမက သေဆုံးပြီး ဒဏ်ရာရတာလည်း ၃၅၀ ထက်မနည်း ရှိတယ်။ နေအိမ်တွေဆိုရင်လည်း မီးရှို့ခံရတာရော လက်နက်ကြီးထိတာရော အလုံး ၁၀၀ နီးပါး ပျက်စီးသွားပြီ။ လုံးခင်းနဲ့ ဖားကန့်တစ်ကြောမှာ နေအိမ်တွေကို ဓားပြတိုက်ပြီး ဆိုင်ကယ်၊ ကားနဲ့ ကျောက်စိမ်းတွေပါမကျန် အကုန်သိမ်းသွားကြတာ။ အခုရက်ပိုင်း မြို့ပေါ်ရပ်ကွက်တွေမှာလည်း ပြည်သူတွေကို ဖမ်းဆီးပြီး ငွေညှစ်တာတွေ ဆက်တိုက်လုပ်နေတယ်” ဟု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်များသည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က မိုးကောင်းအခြေစိုက် အမှတ် (၃) တပ်မဟာ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဝင်း ဦးစီးသည့် စစ်ကောင်စီ စစ်ကြောင်းသည် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသော နန့်ယားဘက် လမ်းပိုင်းကို စစ်ကြောင်းထိုးခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။

စစ်ကြောင်းထိုးပြီး ၁ လနှင့် ၁ ပတ်အကြာ ၂၀၂၅ ခုနှစ် မေလ ၂၈ ရက်တွင် လုံးခင်းသို့ ရောက်ရှိလာကာ ဖားကန့်ပြည်သူများအား သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။

ဖားကန့်ဒေသတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် မိုးကောင်းအခြေစိုက် အမှတ် (၃) တပ်မဟာ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းမှာ နန့်ယား-ကာမိုင်း လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်ကျော်ကာလအတွင်း ဖားကန့်ဒေသ၌ စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှု၊ လေကြောင်းမှ ဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ သေဆုံးသူ ၃၀၀ ဦးထက်မနည်း ရှိလာပြီး မတရားဖမ်းဆီးခံရသူလည်း ရာပေါင်းများစွာ ရှိနေသည်။

#KTM
#HlaingInfo
🤬50❤3🔥3👎2👏2👍1😢1
August 29, 2026 2.8K 3