နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်တပ်က လေကြောင်းဖြင့်… — Hlaing Info — TG.ME

နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းဆရာမတစ်ဦး၏ နေအိမ်အပါအဝင် ၆ လုံးပျက်စီး

ဩဂုတ်လ ၂၉ ရက်

ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး၏ နေအိမ်အပါအဝင် နေအိမ် ၆ လုံးပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်က အင်အား ၁၅၀ မှ ၂၀၀ နီးပါးဖြင့် လွယ်ယင်းတောင်ခြေဘက်သို့ ဒရုန်း၊ လက်နက်ကြီးပစ်ကူများဖြင့် ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ကာ ချဉ်းကပ်လာခဲ့ကြောင်း၊ ထို့ကြောင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိနာခဲ့သဖြင့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး၏ နေအိမ်အပါအဝင် နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့ပြီး ကျေးရွာနေပြည်သူများမှာ ကြိုတင်တိမ်းရှောင်နေကြသဖြင့် ထိခိုက်မှုမရှိကြောင်း သိရသည်။

“မနေ့ကလေယာဉ်နဲ့လာကျဲသွားတာ နေအိမ် ၆ လုံးထိတယ်။ ကျောင်းဆရာမတစ်ဦးရဲ့နေအိမ်ပါ ထိတာ၊ လူတွေကတော့ တစ်ရွာလုံးကြိုရှောင်နေလိုက်လို့ မထိဘူး။ တိုက်ပွဲမှာအထိနာတော့ ရွာထဲကိုလာကျဲသွားတာပါ။ စစ်ကြောင်းကတော့ မနေ့ကလည်းက လက်နက်ကြီးတွေနဲ့ပစ်ပြီး ပြန်ဆုတ်သွားပြီ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်းသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဖယ်ခုံ၊ မိုးဗြဲ ၄၂၂ ၊ လွိုင်ကော်နှင့် လွိုင်လင်လေး အခြေစိုက် တပ်ရင်းများဘက်မှ ၆၀ မမ၊ ၈၁ မမ နှင့် ၁၂၀ မမလက်နက်ကြီးများဖြင့် တစ်ရက်အတွင်း အလုံးပေါင်း ၈၀ ထက်မနည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရှေ့ဆက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အပြင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် မိဘပြည်သူများအနေဖြင့် လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်း လုံးဝ(လုံးဝ) မပြုကြရန် ဆက်လက်၍ တိုက်တွန်းနှိုးဆော်ထားသည်။

#KTM
#HlaingInfo
🤬50❤4🔥4👍2👏2
August 29, 2026 2.6K 2