တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်သို့ ရောက်ရှိရန် ၉ လက်မသာလိုတော့ပြီး ရပ်ကွက်များနှင့် ကျေးရွာများ ရေနစ်မြုပ်နေ
ဩဂုတ်လ ၂၉ ရက်
တနင်္သာရီမြစ်ရေသည် အန္တရာယ်ရေအမှတ်သို့ ရောက်ရှိရန် ၉ လက်မသာလိုတော့ပြီး ရပ်ကွက်များနှင့် ကျေးရွာများ ရေနစ်မြုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မြစ်ရေသည် သြဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ စိုးရိမ်ရေအမှတ်အထိ ရောက်ရှိလာခဲ့ပြီး တနင်္သာရီမြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်များကို ရေများ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမြစ်ရေသည် ဩဂုတ်လ ၂၈ ရက်နေ့တွင် အန္တရာယ်ရေအမှတ်၏ ၃ ပေ ကျော်အကွာသို့ ရောက်ရှိလာခဲ့ပြီး မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်မှ ပြည်သူများ စတင်ပြောင်းရွေ့ခဲ့ရကြောင်း၊ ထိုမြစ်ရေသည် လက်ရှိအချိန်တွင် အန္တရာယ်ရေအမှတ်သို့ ရောက်ရှိရန် ၉ လက်မသာလိုတော့ကာ မိုးလည်း အဆက်မပြတ် ရွာသွန်းနေကြောင်း သိရှိရသည်။
"အခုရေက မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်တွေမှာ စပြီးရေပြည့်နေပြီး အနိမ့်ပိုင်းရပ်ကွက်က ပြည်သူတွေတော့ ပြောင်းရွေ့နေကျတယ်။ မိုးကလည်း တောက်လျှောက်ကိုရွာတာ ဒီနေ့လည်း မိုးကောင်းနေတယ်။ မိုးရေနဲ့ဆိုတော့ ရေတက်တဲ့ အချိန်တိုးသွားတော့ ရေပိုပြီး များလာမှာကို စိုးရိမ်ရတယ်။ နှစ်တိုင်းရေတက်တယ်ဆိုပေမယ့် အခုက မိုးများတော့ စိုးရိမ်ရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် တနင်္သာရီမြို့နယ် အတွင်းရှိ ထုံမခါရွာ၊ ပဝရွာနှင့် ညောင်ပင်ကွင်းရွာ အပါအဝင် ကျေးရွာ ၁၀ ခုကျော်ခန့်ကိုလည်း မြစ်ရေများ ဝင်ရောက်လာခြင်းကြောင့် နေအိမ်များ ရေနစ်မြုပ်နေပြီး ပြည်သူများ အမြင့်ပိုင်းသို့ ပြောင်းရွေ့နေထိုင်နေရကာ စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။
#KTM
#HlaingInfo

51
4
2
2
1August 29, 2026 2.6K 4