ဓာတုလက်နက်များအကြောင်းအသိပညာပီးထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၂၆) ရက်
ဓာတုလက်နက် ( chemical weapons ) ဆိုသည်မာ လူသားများ အထူးပြု ဖန်တီးထားသော (man-made poison) ဖြစ်ပြီး ၄င်းရို့ကို gases (ဓာတ်ငွိ)၊ liquids (အရည်)၊ powders (အမှုန့်)များ အနီ ဖြင့် ထုတ်လုပ်ထားပြီး အမြောက်ကျည်ဆံ၊ ဒုံးကျည်၊ လီကြောင်းတိုက်ခိုက်မှု၊ ဝေဟင်မှ ကြဲချမည့် ဗုံးသီး၊ ဒရော့ဗုံးသီးများတွင် ထည့်သွင်း ပစ်ခတ် တိုက်ခိုက်လိဟိသည်။ ဓာတု လက်နက်များမှ အဆိပ်ဓာတ်ငွိ၊ အရည်နန့်အမှုန့်များသည် ပတ်ဝန်းကျင်တွင် ပုံစံမျိုးစုံနန့် တည်ဟိနိုင်ပြီး ကိုယ်ခန္ဓာတွင်းသို့ အဆုတ် ၊ အရီ ပြား၊ မျက်လုံးနန့် အမြှေးပါးများ မှတဆင့် ဝင်ရောက်နိုင်ပါသည်။
ဓာတုအဆိပ်သင့်မှုကြောင့်
- အရီပြားနန့်မျက်စိ၊
- အသက်ယှူလမ်းကြောင်း၊
- အဆုတ်၊ နှလုံး၊
- ဦးနှောက်နန့်အာရုံကြော၊
- အစာအိမ် အူလမ်းကြောင်း၊
- ကြွက်သားအဖွဲ့အစည်းများကို ထိခိုက်ပျက်စီးနိုင်ပါသည်။
ဓာတုလက်နက်များ သုံးစွဲခသည်ဟု ယူဆနိုင်သော သံသယလက္ခဏာများ
-ထိခိုက်ဒဏ်ရာမဟိသော်လည်း အဆိပ်သင့်လက္ခဏာဟိသူများ၊
-ရဟိထားသောဒဏ်ရာနန့်မသက်ဆိုင်သော အဆိပ်သင့်ဝေဒနာခံစားနီရသူများ၊
-ထိခိုက်မှုတစုံတရာမဟိဘဲ လူအများအပြား ဗြုန်းခနဲသီဆုံးမှုများ၊
-ပုံမှန်မဟုတ်သော အနံ့၊ အရည်၊ အငွိများနန့်ထိတွိပြီးနောက်တွင် အဆိပ်သင့်လက္ခဏာများ ပြသ လာလျှင်၊
-ကျွဲ၊ နွားတိရစ္ဆာန်များ ပုံမှန်မဟုတ်ဘဲ အစုလိုက်အပုံလိုက် သီဆုံးမှုများဟိလျှင် ဓာတုအဆိပ်သင့်မှုဟု ယူဆနိုင်သည်။
ကြုံတွိရနိုင်သော အဆိပ်သင့်လက္ခဏာများ
-အဆိပ်နန့်ထိတွိမိပြီး အစပိုင်းတွင်
မျက်ရည်ကျခြင်း၊ မျက်စိစပ်ခြင်း၊ မျက်သားရောင်ခြင်း၊ မျက်ကြည်လွှာပျက်စီးခြင်းနန့် မျက်စိ ယာယီ မမြင် ရခြင်း၊
-လိုင်ခြောင်းနာခြင်း၊ အသံဩခြင်းများ ခံစားရမည် ဖြစ်ပါသည်။
နာရီများစွာ ကြာမြင့်ပြီးနောက်
-အရီပြားများတွင် နီရဲနာကြင်လာခြင်း၊ -ရောင်ရမ်းခြင်း
-အရည်ကြည်ဖုများ ထွက်လာခြင်း၊
-အနာဖြစ်လာပြီး အနာမကျက်ခြင်း၊
-အသက်ယှူလမ်းကြောင်းရောင်ရမ်းခြင်း၊ -ခြောင်းဆိုးခြင်း၊
-အသက်ယှူရ ခက်ခဲလာခြင်း စသည့် လက္ခဏာများ ခံစားရလိဟိပါသည်။
ဓာတုလက်နက်များနန့်တိုက်ခိုက်ခံရကြောင်း သံသယဟိပါက လိုက်နာရန်အခြီခံနည်းလမ်းများ
-စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပါ။
-ဓာတုဓာတ်ငွိ၊ အရည်(သို့) အမှုန့်များနန့်ဝီးရာ ဟင်းလင်းပြင်နီရာ၊ လီတင်ဖက်၊ အမြင့်ပိုင်းဖက်တွင် နီပါ။
-ဝတ်ထားသော အဝတ်အစားများကို ချွတ်ပြီး ပလတ်စတစ်အိတ်တွင် လုံခြုံစွာ ထည့်ထားပါ။
-ရီနန့်သပုန်ကို သုံးပြီး “ဆီး - သုတ် - ဆီး” (Rinse – Wipe – Rinse) နည်းစနစ်ဖြင့် ဓာတုပစ္စည်းများကို ဆီးကြောပါ။
-မျက်လုံးတွင် ထိခိုက်မိလျှင်မူ ရီ (သို့) ၀.၉% ဆလိုင်း ( 0.9% saline) ရို့နန့် ဆီးကြောပါ။
-အရီပြားဟိ ဓာတုအဆိပ်များကို စုပ်ယူ ဓာတ်ပြယ်စီနိုင်သည့် ပေါင်ဒါနန့် လိမ်းဆီးများကို အသုံးပြုနိုင်ပါ သည်။
-ရီကို အများကြီး မသုံးဘဲ အနည်းရာ အသုံးပြု ဆီးကြောပါက ဆီးကြောရာ မရောက်ဘဲ ဓာတုပစ္စည်းများကို ပိုပြီး ပြန့်လားစီနိုင်ပါသည်။
-အဝတ်အစားများဟိ ခြည်မျှင်များသည် ဓာတုအဆိပ် အရည်နန့် အငွိများကို ခိုအောင်းနီတတ်သောကြောင့် လူနာ၏ အဝတ်အစားများ ဖယ်ယှားလိုက်ခြင်းသည် ဓာတုအဆိပ်များကို (၈၀ %) ခန့် ဖယ်ယှားနိုင်သည်ဟု ခန့်မှန်းနိုင်ပါသည်။
-အဝတ်အစားအသုံးအဆောင်များ ဖယ်ယှားရာတွင်လည်း ဓာတုပစ္စည်းစွန်းပေခြင်း မဟိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြန့်နှံ့ စွန်းပေလားခြင်းမဟိစီရန် ဂရုပြုရမည်။
-အဆိပ်သင့်လက္ခဏာများ ဟိ၊ မဟိ ကို စောင့်ကြည့်ပါ။ အဆိပ်သင့်လက္ခဏာများ မပြလာသိမ့်သော်လည်း ဓာတုအဆိပ်တမျိုးမျိုးနန့် ထိတွိမှု ဟိခပါက ဆီးရုံ၊ ဆီးခန်း သို့ အယင်ဆုံး လားရောက်ပြသပါ။
အာရက္ခပြည်သူ့ကျန်းမာရီးဌာန




















