အလှတရားတွေကိုငါဟာရှာဖွေရင်း
အတွေးမြစ်ပြင်ကျယ်ထဲ နစ်မွန်း
အချစ် အမုန်း နာကျည်းခြင်းနဲ့ ခွင့်လွှတ်ခြင်းတရား
ငါ မနာရသေးဘူး။
နှလုံးသားနဲ့ဦးနှောက်ရဲ့ အားပြိုင်မှု
သိစိတ်နဲ့မသိစိတ်ကြားကလူသား
သံယောဇဉ်လား ချစ်ခြင်းလား
ငါမဝေခွဲတတ်။
ဝေါဟာရများနဲ့ ဘာသာဗေဒ
ဘဝရဲ့ အဓိပ္ပာယ်
ချစ်ခြင်းရဲ့ဖွင့်ဆိုမှု
တရားနဲ့မတရားမှုကြားက
လစ်ဟင်းမှုလိုပါပဲ။
ငါအဖြေမရှာနိုင်သေးဘူး။
ပင်လယ်ရဲ့လှပခြင်းဆိုတာ
လှေမှောက်ခဲ့တဲ့ တံငါသည်သား
တွေ့နိုင်ပါ့မလား။
တိမ်စိုင်တွေနဲ့ မိုးစက်တို့တေးသံ
ခေါင်တိုင်မလုံတဲ့ တဲအိမ်ကလေးဆီက
မိသားစုတွေ နားဆင်နိုင်ပါ့မလား။
လောကရဲ့သာယာခြင်းများမှာလည်း
နာကျင်စရာအပြည့်ပါပဲ။
လူထဲကလူတွေပါပဲ
ဘာသာကွဲ လူမျိုးကွဲ အသားရောင်ကွဲ
ဝါဒကွဲ အကွဲကွဲအပြဲပြဲ
ပဋိပက္ခ ဖိနှိပ်မှုများ
ပုန်ကန်ခြားနား
လွတ်မြောက်လိုစိတ်အပြည့်နဲ့လူသား။
ငါနားမလည်တာက လူထဲကလူတွေပါပဲ။
အတ္တလား လောဘလား
ငါတို့ရဲ့ ဗီဇလား
အယဉ်ကျေးဆုံးလူသားများ
အရိုင်းဆန်ဆုံး သားရဲများ
မိခင်ကမ္ဘာရဲ့ သားမိုက်
အင်း ငါလည်းပဲ လူတွေထဲက
လူတစ်ယောက်ပါပဲလေ
-ထက်အရုဏ်