ကြောင်သရဲ အန်ဇူ (၂၀၂၄)
မနှစ်ကထွက်ရှိထားတဲ့ တစ်ကားတည်း Anime ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ ကာရင် ဆိုတဲ့ ၁၁ နှစ်အရွယ်ကောင်မလေးဟာ ဖခင်ဖြစ်သူက ငွေတိုးချေးရင်း ပြန်မဆပ်နိုင်ပဲ အသေထွက်ပြေးနေရလို့ သားအဖနှစ်ယောက်သား နယ်မြို့လေးက အဘိုးရှိရာ ဘုရားကျောင်းကို ရောက်ချလာပါတယ်။ နောက်ကျတော့ အဘိုးလက်ကိုအပ်ပြီး ဖအေဖြစ်သူက လွတ်ရာကျွတ်ရာကို ထွက်သွားပြန်တော့မယ်။ အဲဒီမှာ ကာရင် တစ်ယောက် အမေဖြစ်သူကလည်း ဆုံး၊ အဖေကလည်း ပစ်ထားသွားတော့ အဘိုးနဲ့ ဘုရားကျောင်းမှာနေတုန်း လူအရွယ်လောက်ရှိပြီး လူစကားပြောတတ်တဲ့ ကြောင်ကြီး အန်ဇူး နဲ့ တွေ့ရပါတော့တယ်။ အဲဒီမှာ ဒီကြောင်ကြီးက ဘာကြီးတုန်း၊ ကာရင် တစ်ယောက် မိတဆိုးဖတဆိုးလေး ဖြစ်နေတော့ ဘယ်လိုတွေ ဆိုးပေမလဲ၊ အမေဖြစ်သူ နှစ်ပတ်လည်ကို ရောက်မလာတဲ့ ဖအေကြောင့် စိတ်ဆိုးဆိုးနဲ့ ပုံပြောင်း ကြောင်သရဲကြီး အန်ဇူး နဲ့အတူတူ ဘယ်လိုတွေ စွန့်စားခန်းထွက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါ ကြည့်ရှုခံစားရမယ့် Anime ကားကောင်းလေး ဖြစ်ပါတယ်။ ဂျပန် Anime ထုံးစံအတိုင်း ဒီထဲမှာလည်း ဒဏ္ဍာရီလာ သတ္တဝါလေးတွေ ထည့်သွင်းထားတာပါ။ ကြောင်သရဲ ဆိုတာက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ ကြောင်လို လူလို မကောင်းဆိုးဝါးတစ်ကောင်တစ်မျိုးပေါ့။ ဒီထဲမှာတော့ ဂါဖီးလ်လို ရုပ်ကြီးနဲ့ ချစ်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ Motion နေရာ Animation လေးတွေ အပြစ်နည်းနည်းဆိုချင်စရာ ရှိပေမဲ့ Background တွေက ခဲပန်းချီလေးလို လှနေတာရယ်၊ ဇာတ်လမ်းလေးက မပျင်းရပဲ ခပ်မြူးမြူးနဲ့ သွက်တာကြောင့် အပျင်းပြေစေမှာတော့ သေချာပါတယ်။ စိတ်ကူးယဉ် ဇာတ်ကောင်လေးတွေ၊ စိတ်ကူးယဉ် ဇာတ်လမ်းဆိုပေမဲ့ ၁၀ နှစ်ကျော် ကလေးတစ်ယောက်ရဲ့ မိဘအပေါ် ဆုံးရှုံးမှုတွေ၊ ပူဆွေးရမှုတွေ၊ အကူအညီလိုတတ်ကြတာတွေကို ရှုထောင့်လေးတစ်ခုကနေ ပညာပေးထားတာဆိုရင်လည်း မှားမယ်လို့ မထင်ပါဘူး။
t.me/cartoonmoviesmms/3849

August 30, 2026 1.1K 2