ကဲ... လာပြီ အာရှလမ်းပေါ်က ကိစ္စတွေ။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို
တပ်မတော်သားတွေရဲ့ အသက်တွေနဲ့ရင်းပြီး
ရအောင်ဖွင့်ပေးခဲ့ကြတာပါ။ တပ်မတော်ရဲ့
အင်အားတစ်ခုတည်းနဲ့ ရုန်းကန်လာခဲ့တာပါ။
ဒီနေ့ ဘာသတင်းကြားလဲဆိုတော့ DKBA ,
BGF, KNLA P/C အဖွဲ့တွေက ကော့ကရိတ်
အာရှလမ်းမပေါ်မှာ ဂိတ်တွေဖွင့်ဖို့ ကရင်
ပြည်နယ်ဝန်ကြီးနဲ့ နယ်လုံဝန်ကြီးဆီသွားပြီး
အခွင့်အရေးတောင်းဆိုမယ်လို့ ကြားရတယ်။
အဲ့တော့ မပြောတော့ပါဘူးလေ လက်ရှိအနေ
အထားလေးအတိုင်း သွားကြပါစေဆိုပြီး
အောင့်ထားတာတွေ ပြောမှရပါတော့မယ်။
အထူးသဖြင့် အကျိုးပြုDKBA နဲ့ KNLA P/C
ဆိုတာ ပြီးခဲ့တဲ့နှစ်တွေ (၂၀၂၂-၂၀၂၃) မှာ
ကရင်ပြည်နယ်မှာရှိတဲ့ တပ်မတော်စခန်းတွေ
ကျခဲ့ရတဲ့ အဓိကလက်သည်တွေပါ နော်။
၂၀၂၃ မှာ တောင်ကြာအင်းဖြစ်စဥ်နဲ့ ဗောဓိကုန်း
ဖြစ်စဥ်ဆိုပြီး ဖြစ်စဥ်နှစ်ခုရှိပါတယ်။ တောင်ကြာ
အင်းစခန်းမှာ တပ်ကထိုင်ပါတယ်။ သူ့ရှေ့မှာ
KNLA P/C နဲ့ DKBA အဖွဲ့စုံရှိတယ်။
KNU PDF လာတိုက်မယ့်အချိန်မှာ ဒီကောင်
တွေက တပ်ကို အကြောင်းလည်းမကြားဘဲ
တိတ်တိတ်လေး ဆုတ်ပေးသွားတဲ့အတွက်
နောက်ကစစ်ကူနဲ့ ခါးပြတ်ပြီး တောင်ကြာအင်း
စခန်းကျပါတယ်။
ဗောဓိကုန်းစခန်းလည်း ဒီကောင်တွေ ဒီလိုပဲ
လုပ်ခဲ့လို့ စခန်းတစ်ခုလုံး ကျခဲ့ရပါတယ်။
ဗောဓိကုန်းစခန်းက ခလရ ၉၇ တပ်တွေခမျာ
ရန်သူ့လက်မှာ အကုန်အသက်ပေးခဲ့ရပါတယ်။
ဒီကောင်တွေ ဒီလိုလုပ်ခဲ့တာ အဲ့နေရာတွေတင်ပဲ
မဟုတ်ပါဘူး။ ဥကရစ်ထ ကနေစပြီးတော့
စွယ်တော်ကုန်းအမတစခန်းအထိ၊ ညီနောင်က
စပြီးတော့ ခလရ ၂၇၅ အထိ အဲ့စခန်းတွေရဲ့
ရှေ့တန်းကာကင်းနေရာယူပေးထားတဲ့ ကရင်
DKBA, BGF, KNLA P/C အဖွဲ့တွေက ရန်သူကို
လမ်းဖွင့်ပေးခဲ့လို့ ကျဆုံးခဲ့ရတဲ့တပ်မတော်သား
အစုအဖွဲ့တွေ အများကြီးရှိခဲ့ပါတယ်။
တကယ်ကို ကျနော်မြိုသိပ်သည်းခံနေတာပါ။
မနက်ဖြန်ဆိုရင် ၂၀၂၄ ၊ ၄ လပိုင်း ၅ ရက်နေ့မှာ
ညီနောင်ဗျူဟာ ကျခဲ့တာ ၂နှစ်ပြည့်မှာပါ။
ရှိသမျှကာကင်းတွေ အကုန်ဆုတ်ပေးခဲ့ကြလို့
ညီနောင် ခမရ ၃၅၅ မှာ ကျခဲ့ရတဲ့သူတွေရယ်၊
ညီနောင်အပြီး ခလရ ၂၇၅ ကိုမတိုက်ခင်
၈ ရက်နေ့ညမှာ ကုန်သွယ်ရေးဇုန်ထဲမှာ ကာ
ထားတဲ့ BGF နိုင်မောင်ဇော်တို့ သောသိဝါး
စစ်ကြောင်းတွေ မြေနီကုန်းကို ဆုတ်သွားလို့
ခလရ ၂၇၅ အကာအကွယ်မဲ့ခဲ့တာတွေရယ်
ကျနော်မပြောဘဲ မြိုသိပ်ထားတာပါ။
ဟိုတလောက ဖာပွန်ဗျူဟာက ရဲမေနှစ်ဦး
သူရဘွဲ့ရတော့ ကျနော်က လူကြီးတွေကို
လှမ်းမေးမိတယ်။ ခလရ ၂၇၅ မှာ တာဘော
တို့က လက်နက်ချဖို့အော်နေချိန် စစ်သီချင်း
ပြန်ဖွင့်ပြပြီး အသေခံတိုက်ခဲ့တဲ့အထဲက
ရဲမေမမကော သူရဘွဲ့မရဘူးလားလို့ မေးမိ
သေးတယ်။
ဘာတဲ့ အမိန့်မရဘဲ တံတား ၂ ကို ဆုတ်ခွာ
ခဲ့လို့မရတဲ့သဘောမျိုး ပြန်ပြောကြတယ်။
ကျနော် အဲ့ကတည်းက စိတ်ထဲအတော်လေး
မကောင်းဖြစ်နေတာပါ။ တံတား ၂ မှာ တာဘော
အဖွဲ့ကို လည်ထွက်နေအောင် ခံပစ်ခဲ့တဲ့သူတွေ၊
သူတို့ဆီက ကြားခဲ့ရတဲ့ (ကျွံဝင်နေပြီ၊ ငါတို့
ကျည်နည်းနေပြီ၊ ထိထားတဲ့သူတွေများတယ်၊
စစ်ကူမလာသေးဘူးလား) ဆိုတဲ့အသံတွေက
နားထဲက ဒီနေ့အထိမထွက်သေးပါဘူး။
ခလရ ၂၇၅ မှာ အဲ့ဒီ ရဲမေမမရယ် ရဲတစ်ဦး
အပါအဝင် ၂၃ ယောက် ကျခဲ့ရတယ်။ ကျနော်
လူနာကောက်ပေးရင်း ကျနော့်လက်ပေါ်မှာပဲ
ဆုံးသွားတာ ၃ ယောက်ရှိခဲ့တယ်။
ကျနော်တို့ ကရင်ပြည်နယ်က ခလရ ၉၇၊
ခလရ ၂၇၅ တပ်တွေက အဲ့လိုငရဲခန်းကို
ကိုယ်တိုင်ရုန်းကန်လာကြတဲ့ သူတွေရယ်ပါ။
လည်ပင်းဖက်ပေါင်းသင်းလာတဲ့ ကရင်အဖွဲ့
တွေရဲ့ အမျိုးမျိုးသစ္စာဖောက်တာခံရပြီးမှ
ကိုယ်တိုင်ရုန်းကန်လို့ ပြန်ထနိုင်ချိန်မှာ
ဒီလိုကောင်တွေကို ဒီလမ်းမတွေပေါ်မှာပဲ
ထပ်ပြီးတော့ ဂိတ်တွေဖွင့်၊ တပ်တွေအထိုင်
ချဖို့ ခွင့်ပြုပေးမယ်ဆိုရင် လူကြီးတွေအနေနဲ့
ကိုယ့်လက်အောက်က အကြပ်စစ်သည်တွေကို
သိပ်စော်ကားရာ ရောက်ပါတယ်။ အောက်ခြေ
တပ်တွေမှာ ဒီလိုကိစ္စကို ဘယ်သူကမှလည်း
ကျေနပ်မနေကြပါဘူး။
ပြီးတော့ အဲ့ကောင်တွေကို အာရှလမ်းပေါ်မှာ
ထပ်တင်ဖို့ကြိုးစားရင် နောက်ထပ်အိပ်မက်
ဆိုးတွေ ထပ်မက်ဖို့လည်း ကျိန်းသေပါတယ်။
ပြောစရာတွေ အများကြီးကျန်သေးပေမယ့်
ဒီလောက်ပဲပြောပါတော့မယ်။ ကရင်ဝန်ကြီးနဲ့
နယ်လုံဝန်ကြီးတို့အနေနဲ့ မလုပ်သင့်တာကို
မလုပ်ကြဖို့ သတိပေးနေတာပါ။
Yu Nan Dar✍
26
4April 4, 2026 2.2K 1 3