Ash (2026)
မီးလျှံကြားက ချစ်ပြာငွေ့
ဒီတစ်ခါမိတ်ဆက်ပေးချင်တာလေးကတော့ ဂေးကားဆို တျုတ်ဂေးကားကိုမှ စွဲလမ်းခုံမင်တဲ့ဂေးကားဖန်တွေအတွက်ပါ။ တျုတ်ဂေးကားဆိုကတည်းက အကြည့်နဲ့တင် မီးတွေပွင့်၊ လျှပ်စီးတွေလက်မှာကတော့ သိပ်ပြောစရာတောင်မလိုလှပါဘူး။
ဒီစီးရီးက Action ကိုမှ Thriller နဲ့ Romance ပုံစံဇာတ်အိမ်မို့ လက်သီးချက်တွေကြားက ရင်ခုန်သံတစ်စွန်းတစ်စကိုပါ မြင်တွေ့ခံစားရစေမှာမျိုးလေးပါ။ အဓိကဇာတ်ကောင်တွေအဖြစ် ခပ်မိုက်မိုက်ရှောင်ကောကောတွေဖြစ်တဲ့ Kingston၊ Leo Peng နဲ့ Sing Lee တို့က အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက ဟောင်ကောင်ဒရမ်မာပုံစံပါဖြစ်နေတော့ ဟောင်ကောင်အက်ရှင် vibe ကိုပါ အပြည့်အဝခံစားရစေမှာပါနော်။
ဇာတ်လမ်းအညွှန်း >>>
ထောက်လှမ်းရေးရဲအရာရှိမော့ဖေးဖန်းဟာ ကံကြမ္မာရဲ့အလှည့်အပြောင်းကြောင့် မထင်မှတ်ဘဲ ထင်းပင်ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သူ ဟွေးလော့်ထော်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ နှစ်ယောက်လုံးဟာ အန္တရာယ်များတဲ့လျှို့ဝှက်ချက်တွေကိုယ်စီနဲ့ သေချာပြင်ဆင်ထားတဲ့မာယာမျက်နှာဖုံးတွေ နောက်ကွယ်မှာ ပုန်းကွယ်နေကြသူတွေပါ။ ဒါပေမဲ့ သူတို့ရဲ့တကယ့်အထောက်အထား အမှန်တွေ တဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါမှာတော့ အစပိုင်းက ချိုမြိန်ခဲ့တဲ့သံယောဇဉ်ဟာ သံသယတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး နက်ရှိုင်းလှပါတယ်ဆိုတဲ့ သစ္စာတရားကလည်း ပျက်စီးဖို့ ကံကြမ္မာပါလာခဲ့ပါတယ်။ ဟွေးလော့်ထော်ရဲ့မဆင်မခြင်ပြောလိုက်တဲ့စကားတစ်ခွန်းကပဲ ထိရှလွယ်တဲ့ဆက်ဆံရေးကို အစိတ်စိတ်အမြွှာမြွှာရိုက်ခွဲပစ်လိုက်သလို ဖြစ်ခဲ့တာပါ။
အဲဒီအတောအတွင်းမှာပဲ ငွေအတုထုတ်လုပ်မှုရာဇဝတ်မှုကြီးတစ်ခုကြောင့် ဒေသတွင်းဒုစရိုက်အဖွဲ့အစည်းတွေကြားထဲမှာ သွေးဆာတဲ့အာဏာလုပွဲကြီးစတင်လာခဲ့ပြီး ဒုစရိုက်လောကရော ရဲတပ်ဖွဲ့ပါ သေမင်းတိုက်ပွဲကြီးထဲကို ဆွဲသွင်းခံလိုက်ရပါတယ်။ အဲလိုအခြေအနေရဲ့ဗဟိုချက်မှာ ပိတ်မိနေတဲ့ မော့ဖေးဖန်းနဲ့ဟွေးလော့်ထော်တို့နှစ်ယောက်ဟာ သူတို့ အမှန်တကယ်ယုံကြည်လို့ရတဲ့တစ်ဦးတည်းသောသူဟာ သူတို့အချင်းချင်းပဲရှိတယ်ဆိုတာကို သဘောပေါက်လာခဲ့ကြပါတယ်။ လျှောက်လှမ်းသမျှခြေလှမ်းတိုင်းက အန္တရာယ်ဆီ ဦးတည်နေပြီး ဝေးကွာနေတဲ့စက္ကန့်တိုင်းက တောင့်တမှုကို ပိုမိုနက်ရှိုင်းစေခဲ့ပေမဲ့ သူတို့နှစ်ဦးဟာ ကြီးမားလှတဲ့ အခက်အခဲတွေကို အတူတကွရင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ခြားနားလှတဲ့ကမ္ဘာနှစ်ခုမှာ သီးခြားစီရပ်တည်နေကြရပေမဲ့ နှလုံးသားတွေကတော့ လမ်းကြောင်းတစ်ခုတည်းဆီကိုပဲ အမြဲတမ်းဦးတည်နေခဲ့တာပါ။
ဒီဇာတ်လမ်းက High Tension Action Romance အမျိုးအစားဖြစ်လို့ ဇာတ်အိမ်က တကယ့်ကို အရှိန်အဝါရှိလှပါတယ်။ လက်သီးချက်တွေကြားက အကြည့်နဲ့တင် ဒူးထောက်ပြာကျမတတ်မိမိုက်တဲ့ဂေးကားကိုမှ ကြည့်ချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်ဗျို့။
#Ash
8August 18, 2026 2.1K 5








