The Genius of Girlfriend (2026)
ချစ်ပုစ္ဆာ ဖွေဖွေရှာ
ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ကျောင်းသားအချစ်ဇာတ်အိမ်ပုံစံလေးပါ။ မတူတာက ဒီဇာတ်လမ်းထဲမှာ ဟိုက်ပါဉာဏ်ကြီးရှင်လေးက Female Lead ဖြစ်နေတာပါပဲ။ ဒီဇာတ်လမ်းက စာရေးဆရာမ Su Guang Tong ရဲ့နာမည်ကြီး Student Life Web Novel (Tian Cai Nv You) ကို အခြေခံရိုက်ကူးထားတာမို့ ကျောင်းသားဘဝ ရင်ခုန်စရာနွေးထွေးမှု၊ အချစ်နဲ့သံယောဇဉ်နှောင်ကြိုးရစ်ငင်မိမှုတွေကို တစ်ဝကြီးခံစားရစေမှာပါ။
အဓိကဇာတ်ဆောင်တွေအဖြစ် POJ မှာ လင်ထိပ်ထားစံလေးဖြစ်ခဲ့တဲ့ မမ Tian Xi Wei နဲ့ ပြိတ်သတ်တို့ရဲ့အသည်းစွဲလေးဖြစ်တဲ့ ခပ်ချေချေကိုလူချောလေး Hu Yi Tian တို့က လိုက်ဖက်ညီညီပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအညွှန်း >>>
ဉာဏ်ရည်ထက်မြက်လွန်းတဲ့ ပါရမီရှင်မလေး လင်ကျစ်ရှားဟာ ပွင့်လင်းပေမဲ့ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းလို့ ငယ်စဉ်ကတည်းက သူငယ်ချင်းဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကံတရားရဲ့အကူအညီကြောင့် ပြည်နယ်ရဲ့ထိပ်တန်းအထက်တန်းကျောင်းကို တက်ရောက်ရင်း ပုစ္ဆာဖြေရှင်းပြိုင်ပွဲတစ်ခုကနေတစ်ဆင့် နာမည်ကြီးသွားခဲ့ပါတယ်။ အဲလိုနဲ့ ဆိုရှယ်ကောင်းတဲ့ထိပ်တန်းကျောင်းသား ကျန်းယွီပိုင်နဲ့ စတင်ဆုံတွေ့ခဲ့ပြီး အတန်းဖော်တွေဖြစ်လာကြပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတဲ့ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားကို လူမှုဆက်ဆံရေးကောင်းမွန်လာအောင် ကူညီပေးခဲ့ပြီး ထန်တင်းတင်း၊ သွမ့်ချီယန်၊ ရှန်ဖုရွှမ်နဲ့ ကျင်းပိုင်ဟွေ တို့လိုသူငယ်ချင်းကောင်းတွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပါတယ်။ လင်ကျစ်ရှားကလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျန်းယွီပိုင်ကို စာပြန်ပြပေးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှုကနေတစ်ဆင့် အပြန်အလှန်ကူညီဖေးမကြတဲ့အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတော့တယ်။
သူတို့နှစ်ဦးဟာ အတန်းဖော်ရဲ့လိမ်လည်လှည့်ဖြားခံရမှုကို အတူတကွဖြေရှင်းပေးခဲ့ကြသလို ကလပ်လှုပ်ရှားမှုတွေမှာပါဝင်ပြီး ပြည်နယ်အဆင့်သင်္ချာပြိုင်ပွဲမှာလည်း အတူပါဝင်ခဲ့ကြပါတယ်။ အဲဒီအချိန်အတောအတွင်းမှာပဲ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားအပေါ် မေတ္တာသက်ဝင်စတင်ယိုဖိတ်ခဲ့ပေမဲ့ နှလုံးသားထဲမှာပဲ တိတ်တဆိတ်သိမ်းဆည်းထားခဲ့ပါတယ်။ ဒါပေမဲ့ လင်ကျစ်ရှားတစ်ယောက် နာမည်ကြီးဖူတန့်တက္ကသိုလ်ကို အောင်မြင်စွာတက်ရောက်ခွင့်ရရှိသွားချိန်မှာတော့ ကျန်းယွီပိုင်ဟာ ကျောင်းဆင်းပွဲခရီးစဉ်အတွင်းမှာ ချစ်မေတ္တာကို စာစီကဗျာသီပြီး ဖွင့်ဟဝန်ခံဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကံဆိုးချင်တော့ မိခင်ဖြစ်သူက လိမ်လည်မှုတစ်ခုထဲပါဝင်ပတ်သက်မိသွားရာကနေ ကျန်းယွီပိုင်လည်း ရင်ထဲက နောင်တတွေနဲ့အတူ မတတ်သာဘဲ ထွက်သွားခဲ့ရပါတယ်။ အဲလိုနဲ့ သင်္ချာဉာဏ်ကြီးရှင်လေးနှစ်ယောက်ခမျာ သူတို့ရဲ့အချစ်ပုစ္ဆာကို အဖြေရှာရင်း တဝဲလည်လည်ဖြစ်ကြရပါတော့တယ်။
သူတို့ရဲ့အချစ်ပုံပြင်ဟာ ဘဝမှာ တစ်ကြိမ်သာဖြတ်ဆုံရပြီး ထာဝရဝေးသွားတဲ့ဖြတ်မျဉ်းလိုမျိုးများ ဖြစ်သွားလေမလား။ တစ်ခါဆုံတွေ့ပြီး ဝေးသွားခဲ့ရတဲ့ချစ်ခရီးဟာ အဟန့်အတားတွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ တိတ်တခိုးအချစ်ကနေ ထာဝရဆုံးတိုင်ပေါင်းဖက်ခွင့်ရသွားကြမလားဆိုတာကတော့ တကယ်ကို အသည်းယားစရာမို့ တစ်ပိုင်းမှ ကျော်ပစ်စရာမရှိမှာ အသေအချာပါပဲ။
#TheGeniusOfGirlfriend
6August 1, 2026 4K 3









