ကမ္ဘောဒီးယား ကျားဖျန့်စင်တာများမှ ဖမ်းဆီးထားသော ဘင်္ဂလီ ၃၈ ယောက်… — Arakan Princess Media — TG.ME

ကမ္ဘောဒီးယား ကျားဖျန့်စင်တာများမှ ဖမ်းဆီးထားသော ဘင်္ဂလီ ၃၈ ယောက် နီရပ်ပြန်

APM၊ စပ်တမ်ဘာ ၄/၂၀၂၆

​ကမ္ဘောဒီးယားနိုင်ငံဟိ ဆိုင်ဘာလိမ်လည်မှု (ကျားဖျန့်) စခန်းများတွင် ပိတ်လှောင်ခိုင်းစီခြင်းခံခရသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၃၈ ယောက်သည် စပ်တမ်ဘာလ ၃ ရက် မွန်းတည့်ပိုင်းတွင် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ဒါကာမြို့ဟိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလီဆိပ်သို့ ပြန်လည်ရောက်ဟိလာကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ကမ္ဘောဒီးယားမှ ဘင်္ဂလား‌ဒေ့ချ်သို့ တိုက်ရိုက်လီကြောင်းလိုင်း မဟိ‌သောကြောင့် ​၎င်းရို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် ထိုင်းလီကြောင်းလိုင်း (Thai Airways) ဖြင့် မွန်းတည့် ၁၂ နာရီတွင် ဒါကာသို့ ပြန်လည်ရောက်ဟိလာခြင်းဖြစ်သည်။

ပြန်လည်ရောက်ဟိလာသူများအား ဘင်္ဂလားဒေ့ချ်နိုင်ငံအခြီစိုက် BRAC (ဘင်္ဂလားဒေ့ချ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရီးကော်မတီ) ၏ ရွှိပြောင်းနီထိုင်သူများဆိုင်ရာ စီမံချက်မှ အရေးပေါ်ထောက်ပံ့မှု၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပီးမှုနန့် အိမ်ပြန်နိုင်ရန် ငွေကြေးထောက်ပံ့မှုများကို လီဆိပ်တွင် ဆောင်ရွက်ပီးခသည်ဟု သိရသည်။

​လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ ၎င်းရို့သည် အွန်လိုင်းမှတဆင့် လစာ ကောင်းမွန်သော အလုပ်အကိုင် ကြော်ငြာများဖြင့် လိမ်လည်လှည့်ဖြားခံရပြီး ကမ္ဘောဒီးယားသို့ ရောက်ဟိချိန်တွင် ကျားဖျန့်စခန်းများအတွင်း ဓားစာခံအဖြစ် ချုပ်နှောင်ခိုင်းစီခံခရပြီး သတ်မှတ်ထားသည့် လိမ်လည်မှုပစ်မှတ်များ မပြည့်မီပါက ရုပ်ပိုင်းဆိုင်ရာနန့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများကို အပြင်းအထန် ရင်ဆိုင်ခရသည်ဟု ဆိုသည်။

​ကမ္ဘောဒီးယားအစိုးရက စပ်တမ်ဘာ ၁ ရက်မှစ၍ ရက်လွန်နီထိုင်ခွင့် ဒဏ်ကြေးများကို ကင်းလွှတ်ခွင့်ပြုလိုက်ပြီး စခန်းများမှ လွတ်မြောက်လာသည့် နောက်ထပ် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁,၈၀၀ ခန့်သည်လည်း နီရပ်သို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းလျက်ဟိသည်ဟု သိရသည်။

ပြန်လည်ရောက်ဟိလာသူများက ကရို့၏ လုံခြုံရီးကို အာမခံပီးရန်၊ လိုအပ်သော ဥပဒေကြောင်းအရ ကူညီပီးရန်နန့် အဆိုပါ လူကုန်ကူးမှုကွန်ရက်တွင် ပါဝင်ပတ်သက်နီသည့် ပွဲစားများနန့် အေးဂျင့်များကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူပီးရန် အာဏာပိုင်များထံ တောင်းဆိုထားသည်ဟု သိရသည်။

Source - 38 Bangladeshis rescued from cyber scam compounds in Cambodia return home/The Daily Star

Photo - The Daily Star
👍2😱2
September 4, 2026 1.8K 2