သွားခါနီးကြတော့မှ ဆရာတော်ကို ခင်ဗျား အတင်း ဝင်လုံးပြီး အမေရိကကို ရောက်ဖူးချင်လို့ပါဆိုပြီး ခွေးတိုးပေါက်က လိုက်လာတာ ။
ပြီးတော့ ဖလော်ရီဒါ ဘုန်းကြီးကျောင်း မရောက်ခင် တခြားပြည်နယ်တွေက ဘုန်းကြီးကျောင်းတွေ ရောက်ခဲ့စဉ်တုန်းကလည်း ပြန်ခါနီးမှာ လူတွေအားလုံးက နိုင်သလောက်လှုခဲ့ကြတယ်။
ခင်ဗျားတစ်ယောက်ထဲဘဲ အရှုးကွက်နင်းပြီး တစ်ပြားမှ မလှုခဲ့ဘူး။
စားစရာရှိတော့ ဘုန်းကြီးကျောင်းက ဟာတွေကို အားမနာတမ်း နင်းကန် စားတယ် ။
ခင်ဗျား မရှက်ပေမယ့် ခင်ဗျား အစား ကျုပ်ရှက်တယ် “
ဒဲ့ဒိုး အိုးပေါက် အားမနာတမ်း ပြောတတ်သည့် ကိုမြင့်အောင်သည် နေအောင့် အပေါ် တစ်လမ်းလုံး အစာမကြေဖြစ်ခဲ့သည်များကို ပေါက်ကွဲ ရင်ဖွင့်ပါတော့သည်။
ကိုဘာဘူကလည်း ကိုမြင့်အောင်ဘက်က ဝင်၍ ထောက်ခံသည့်စကားများဝင်ပြောသည်။
နေအောင်ကလည်း ဒီလိုမဟုတ်ပါဘူး။ ဟိုလိုမဟုတ်ပါဘူး ဆိုပြီး လေပျော့လေးနဲ့ ပြန်ရှင်းပြသည်။
နေအောင်က ဆင်ချေတွေပေးပြီး ပြန်ရှင်းလေ ကိုမြင့်အောင် နဲ့ ကိုဘာဘူ တို့က ပိုပေါက်ကွဲပြီး ပိုပြောလေ ဖြစ်နေကြသည်။
ကားထဲမှာ သူတို့၏ အခြေအတင် ငြင်းခုန် သံများက ပွက်လောရိုက် ဆူညံနေသည်။
ကားမောင်းနေသည့် ကျွန်တော့်ကို နေအောင်က အားကိုးသည့် မျက်နှာလေးနဲ့ စစ်ကူလှမ်းတောင်းသည်။
ဝင်တား ဝင်ဟန့်ပေးဘို့ ဖြစ်သည်။
ထိုစဉ်က နေအောင် ဖြစ်နေသည့် မျက်နှာငယ်လေးကို ကျွန်တော် ဘယ်တော့မှ မမေ့။ ယခုအချိန်ထိ မှတ်မိနေဆဲဖြစ်သည်။
သူတို့ ဖလော်ရီဒါ မရောက်ခင်က ဖြစ်လာခဲ့ကြသည့် ပြသနာ အတိမ်အနက် အစ အဆုံးကို ကျွန်တော်လည်း လိပ်ပတ်လည်အောင် နားမလည်။ မသိပါ။
ကျွန်တော် သိလိုက်သည်ကတော့ နေအောင်သည် အမေရိကကို သီတဂူအဖွဲ့နဲ့ အတူလိုက်ရလျှင် အမေရိကမှာ ဟိုတည်ခ စားစရိတ် သွားလာစားရိတ် ပြန်သည်အထိ အားလုံး Free ဖြစ်မည်။ သူ့အိပ်ထဲက တစ်ပြားမှ ကုန်စရာမလို ။
ဒီအကွက်ကို မြင်သည့်အတွက်
ဂုန်းဆင်းသမားပီပီ သီတဂူအဖွဲ့နဲ့ အတူ အပါ လိုက်လာခဲ့ခြင်းဖြစ်သည်။
ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ အားကိုးတကြီး ကြည့်၍ စစ်ကူတောင်းနေသော နေအောင် ထွက်ပေါက်ရ သက်သာ စေရန်အတွက်
“ အကိုတို့ရာ တော်ကြပါတော့ -- နားတွေလည်းငြီးလှပါပြီ-- ပျော်စရာခရီးက ပျော်စရာ မကောင်းဘဲ စိတ်ညစ်စရာတွေဖြစ်နေပြီ “
ဟု ကျွန်တော်က ဝင်ပြောလိုက်သည့်အခါ ကိုမြင့်အောင် နဲ့ ကိုဘာဘူတို့လည်း ကျွန်တော့်ကို အားနာသောကြောင့် ဆက်မပြောတော့ပါ ။
ကျွန်တော်လည်း သူတို့ အာရုံ ပြောင်းစေရန်အတွက် တခြားအကြောင်းအရာများကို စကားမရှိ စကားရှာပြီး ပြောရပေတော့သည်။
ထိုအခါမှ ဂုန်းဆင်းကြီး နေအောင်လည်း စိတ်သက်သာရာ ရသွားပြီး ကျွန်တော့်ကို ကျေးဇူးတင်သည့် မျက်နှာငယ်လေး နဲ့ နောက်ခန်းကနေ လှမ်းကြည့်နေတာကို ကား ဘက်မှန်ထဲက လှမ်းမြင်နေရသည်။
နေအောင် ၏ အချောင် ဂုန်းဆင်းမှု့တွေများမှု့ကြောင့် ကားပေါ်မှာ တစ်
လမ်းလုံး ပြသနာတွေ ဖြစ်လာလို့မှ မကြာခင် ဗီဇစွဲနေသည့် နေအောင် ၏ ဇာတိရုပ်က ထပ်ပေါ်လာပြန်သည်။
သူတို့ စကားတွေများပြီးမကြာခင် လမ်းဘေး ဓါတ်ဆီဆိုင် တစ်ဆိုင်သို့ ဝင်၍ ကျွန်တော့်ကားကို ဆီဝင်ဖြည့်သည်။
သူတို့လည်း ခြေဆန့် လက်ဆန့် အပေါ့အပါး သွားကြသည်။
ထိုစဉ် နေအောင်က ဓါတ်ဆီဆိုင်အတွင်းရှိ ကော်ဖီဘားမှ ကော်ဖီတစ်ခွက် သွားယူသည်။ မုန့်တစ်ခုယူသည်။
ငွေပေးကောင်တာ အရောက်တွင် သူယူထားသည့် ကော်ဖီခွက်နဲ့ မုန့်ကို ကျွန်တော့်လက်ထဲသို့ လာထိုးပေးသည်။
ဆိုလိုသည်က ကျွန်တော် ငွေ ပေး ပေါ့။
ဪ ဒီလူနဲ့တော့ ဒုက္ခပါဘဲ။
ကော်ဖီတစ်ခွက် ၂ ဒေါ်လာလောက်ကိုတောင် ဂုန်းလာဆင်းနေပြန်ပြီ။
စောစောကမှ ဒီအပြုအမူတွေကြောင့် ဟိုလူတွေနဲ့ ပြသနာဖြစ်ထားကြတာ ပူပူနွေးနွေး ။ ဒါလည်း မမှတ်သေးပါလား ။
ထိုမြင်ကွင်းကို ဟိုလူတွေမမြင်လို့ပေါ့ ။ မြင်ရင် ပြသနာတွေ ထပ်ဖြစ်ကြလိမ့်အုံးမည်။
ကိုမြင့်အောင်တို့ ကိုဘာဘူတို့ မမှားပါလား ဆိုတာ ကျွန်တော် ပို၍ သိလိုက်ရသည်။
Key West ရောက်သည့်အခါ ကိုနေအောင်က ကျွန်တော့်ကို
“ ညီလေးရယ် အကို့ကို ကာကွယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွာ ။
ညီလေးရဲ့ ကူညီ စောင့်ရှောက် ကျွေးမွေး မှု့တွေကို အကို ဘယ်တော့မှ မမေ့ပါဘူး “
ဟု ပြောသည်။
ထိုစကား ကြားတော့ ကျွန်တော် ပြုံးမိသည်။
ရုပ်ရှင်လောက လူတွေ ။ အထူးသဖြင့် နာမည်ကြီး ဆယ်လီဆိုသည့် လူတွေအကြောင်းကို ကောင်းကောင်းသိနေလို့ဖြစ်သည်။
တော်တော်များများက စားပြီး နားမလည်တွေ များသည်။
ရောက်တဲ့ နေရာတိုင်းမှာ မင်းသား မင်းသမီး ဆိုပြီး လူတွေက သူတို့ကို ဝိုင်းမ ။ ဝိုင်းဖား ။ ကျွေးချင် ပေးချင်ကြတဲ့ လူတွေကများသည်။
ဒီနေရာမှာ စားပြီး ၍ နောက်နေရာ ရောက်ရင် နောက်ထပ် မ မယ့် ဖားမယ့် ကျွေးချင်တဲ့ လူတွေများစွာက စောင့်နေကြအုံးမည်။
ထိုအခါ အရင် ဖားခဲ့ မ ခဲ့ ကျွေးခဲ့တဲ့လူတွေဆိုတာ သူတို့ခေါင်းထဲမှာ မရှိတော့ပါ ။
မင်းသား/ မင်းသမီးရှုး တွေကသာ ဒီသဘောတွေကိုမသိ၍ ဖားနေ မ နေ ကြခြင်းဖြစ်သည်။
ဒီသဘော ဒီအထာတွေကို သိနေသည့်ကျွန်တော့်အတွက် ကိုနေအောင် ပြောလာသည့်
“ ညီလေး ကျေးဇူး ဘယ်တော့မှ မမေ့ပါဘူး “ ဆိုသည့်စကားကို စိတ်ထဲက ပြုံးမိပြီး လေထဲမှာ ဖျောက်ဖျက်ပြစ်လိုက်သည်။
ကိုနေအောင်သည် မသိမသာ နဲ့ တစ်မျိုး သိသိသာသာတစ်မျိုး အလွန်ကြွားတတ်သည်။
11
4
1August 6, 2025 1.3K 3