ခေတ်ဆိုးရဲ့ ရင်ဘတ် " ​အထက်မှာ... မီးတောက်တွေ ဝါးမြိုလို့ စစ်ပွဲရဲ့… — ကဗျာ/မီးအိမ်(ဝတ္တု) — TG.ME

​" ခေတ်ဆိုးရဲ့ ရင်ဘတ် "
​အထက်မှာ... မီးတောက်တွေ ဝါးမြိုလို့
စစ်ပွဲရဲ့ အော်သံတွေ ညံတယ်။
​အလယ်မှာ... မြေကမ္ဘာက ယိုင်နဲ့လို့
ငလျင်အောက် ရင်ဘတ်တွေ အက်ကွဲရပြန်တယ်။
​အောက်မှာ... ရေလှိုင်းတွေ ထက်လျှံလို့
ဝမ်းနည်းခြင်းတွေနဲ့ ရေနစ်နေခဲ့ရတယ်။
​စစ်ဆိုတဲ့ ဘေး
ငလျင်ဆိုတဲ့ ဘေး
ရေကြီးခြင်းဆိုတဲ့ ဘေး
ဒီထက်ပိုဆိုးတာက...
တယူသန် ခေါင်းမာမှုတွေနဲ့
ခေတ်ကို နောက်ပြန်ဆွဲနေတဲ့
လူကြီးတွေရဲ့ အတ္တအောက်မှာ
ငါတို့ရဲ့ အိမ်မက်တွေ ရစရာမရှိအောင် ပျက်စီးခဲ့ရတာပါပဲ။
​လင်းလက်ချင်ခဲ့တဲ့ နက္ခတ်တွေ
မှောင်အတိကျခဲ့ရပြီ...
လှပချင်ခဲ့တဲ့ အနာဂတ်တွေ
ပြာကျခဲ့ရပြီ...
​ဒါပေမဲ့လေ...
ငါတို့ ရင်ဘတ်ထဲက ပြာပုံအောက်မှာ
ကျန်နေသေးတဲ့ အိမ်မက်မီးစတွေကိုတော့
ဘယ်လူကြီးရဲ့ တယူသန်မှုနဲ့မှ
ငြိမ်းသတ်လို့ ရမှာ မဟုတ်ဘူး။
​ခေတ်က နောက်ပြန်ဆုတ်နေပါစေ
ငါတို့ လူငယ်တွေရဲ့ ခြေလှမ်းနဲ့
ငါတို့ အိမ်မက်တွေကို
မနက်ဖြန်ဆီ ပြန်လည်ယူဆောင်ရမယ်။
#မီးအိမ် (8.5.2026)
❤3
August 4, 2026 407 3