AA Info Desk: post #2134 — TG.ME

ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်၊ မူလတန်းကျောင်းသား/သူများနှင့်အတူ အပြစ်မဲ့ အရပ်သားပြည်သူ (၅) ဦးသေဆုံးကာ (၁၇) ဦး အထိ ဒဏ်ရာရ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်

ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၉) မိနစ်မှ (၁၁) နာရီ (၁၆) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် လှည့်ပတ်ကာ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စိမ်းညှင်းဝကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာအတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း၌ အေးချမ်းစွာ ပညာသင်ကြားနေကြသော မူလတန်းကျောင်းသား (၁) ဦး နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ အသက် (၁) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတို့ စုစုပေါင်း (၅) ဦးမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အတူ အသက် (၁၀) နှစ်အောက် မူလတန်းကလေးငယ် (၈) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း (၁၇) ဦး မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိ၍ စိုးရိမ်ရသူ မူလတန်းကျောင်းသား/သူ များအပါအဝင် ပြည်သူ (၆) ဦးအထိ ရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ နောက်ထပ်လည်း မြင့်တက်လာနိုင်ခြေ ရှိသည်။ ထို့အပြင် စိမ်းညှင်းဝရွာရှိ လူနေအိမ် (၁၇) လုံး နှင့် ဘုန်းကြီးကျောင်းဆောင် အချို့ မှာလည်း ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တပ်၏ အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

ထို့အတူ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁၊ ၁၂) ရက်နေ့များ၌လည်း ပလက်ဝမြို့နှင့် ဆမီးမြို့များအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ကျောင်းသား/ကျောင်းသူ/ကလေးငယ်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢189🤬18❤5🤣4🥰3😁1
August 24, 2026 9.3K 15