■ မလေးရှားစစ်ဆင်ရေး ၅ ရက်အတွင်း နိုင်ငံခြားသား ၁,၆၀၀ ကျော် ဖမ်းဆီးခံရ၊ မြန်မာ ၂၈၃ ဦး ပါဝင်
Western News | ဩဂုတ် ၂၉
မလေးရှားနိုင်ငံတွင် ဩဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိနှင့် ဩဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးများအတွင်း နိုင်ငံခြားသား ၁,၅၇၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် မြန်မာနိုင်ငံသား ၂၈၃ ဦး ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မလေးရှားနိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သည့် ပေါင်းစပ်စစ်ဆင်ရေးအတွင်း နိုင်ငံခြားသား ၃,၃၀၇ ဦးကို စစ်ဆေးခဲ့ပြီး ၁,၀၄၃ ဦးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများဖြင့် ဖမ်းဆီးခဲ့သည်။
ယင်းတို့အနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၇၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၃၂၈ ဦးနှင့် မြန်မာနိုင်ငံသား ၁၈၃ ဦး ပါဝင်ပြီး မြန်မာနိုင်ငံသားများသည် ဖမ်းဆီးခံရသူများအနက် တတိယအများဆုံး ဖြစ်သည်။
အဆိုပါစစ်ဆင်ရေးတွင် နိုင်ငံခြားသားများ အများအပြားနေထိုင်သည့် နေရာ ၁၄ ခုကို အဓိကထား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသား ၃,၃၀၇ ဦးအနက် အမျိုးသား ၈၈၀ ဦးနှင့် အမျိုးသမီး ၁၆၃ ဦး ပါဝင်ကြောင်း JIM က ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၁၇ နှစ်မှ ၅၉ နှစ်အတွင်း ဖြစ်ကြောင်း သိရသည်။
JIM ၏ ထုတ်ပြန်ချက်အရ အဆိုပါစစ်ဆင်ရေးများတွင် မှတ်ပုံတင်အထောက်အထား မရှိခြင်း၊ နေထိုင်ခွင့် သို့မဟုတ် အလုပ်လုပ်ခွင့်လက်မှတ် သတ်မှတ်ချက်များကို ချိုးဖောက်ခြင်း၊ သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်ခြင်းနှင့် အသိအမှတ်မပြုသည့် ကတ်များ ကိုင်ဆောင်ထားခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ကာ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့နောက် ဩဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် Ops Sasar စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ လူ ၆၇၈ ဦးကို စစ်ဆေးပြီး နိုင်ငံခြားသား ၅၂၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများဖြင့် ဖမ်းဆီးခဲ့သည်။
အဆိုပါစစ်ဆင်ရေးတွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ အမျိုးသားမှတ်ပုံတင်ဌာနနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီတို့မှ ဝန်ထမ်းနှင့် အရာရှိ ၄၁၄ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
ယင်း ၅၂၈ ဦးအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၄၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၁၉ ဦးနှင့် မြန်မာနိုင်ငံသား ၁၀၀ ဦး ပါဝင်ကြောင်း မလေးရှားဘက်က ထုတ်ပြန်ထားသည်။ ထို့ကြောင့် ဩဂုတ် ၁၀–၁၁ ရက်နှင့် ၂၅–၂၇ ရက် စစ်ဆင်ရေးနှစ်ကြိမ်ကို စုစည်းပါက နိုင်ငံခြားသား ၁,၅၇၁ ဦးနှင့် မြန်မာနိုင်ငံသား ၂၈၃ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ ပူချုံးတွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးကလည်း ယခုရက်ပိုင်းအတွင်း နိုင်ငံခြားသားများနေထိုင်သည့် နေရာများအပြင် မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်နေသည့် အလုပ်ရုံ၊ စက်ရုံများအထိ ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်း Western News ကို ပြောသည်။
“စက်ရုံတွေ၊ အလုပ်ရုံတွေ တစ်လျှောက် ဖမ်းဆီးမှုတွေ အခုရက်ပိုင်း တစ်လျှောက်လုပ်နေပါတယ်။ ပြီးတော့ နယ်စပ်ဘက်က ဝင်လာသူတွေကိုလည်း တစ်လျှောက် အဖမ်းခံရပါတယ်။ အဓိက နိုင်ငံခြားသားတွေ နေတဲ့နေရာတွေ ဝင်ရောက်စီးနင်းတာများပါတယ်။ မြန်မာတွေ နေတဲ့နေရာ၊ အလုပ်ရုံ၊ စက်ရုံ ဝင်စီးပါတယ်။ တချို့ ဖမ်းဆီးခံရတဲ့အထဲမှာ ကလေးတွေ ပါတယ်။ ဘယ်မှာ ဘယ်လောက်အကြာထားပြီး မြန်မာပြည်ကို ပို့တယ်ဆိုတာတော့ မသိပါဘူး” ဟု ပူချုံးမြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ဩဂုတ် ၁၂ ရက် ထုတ်ပြန်ချက်အရ နိုင်ငံခြားသားများ နေထိုင်သည့် နေရာများကို ပြည်သူများ၏ တိုင်ကြားချက်များနှင့် ထောက်လှမ်းရရှိသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် တစ်နေ့လျှင် ပျမ်းမျှ စစ်ဆင်ရေး ၅ ကြိမ်မှ ၆ ကြိမ်ကျော်အထိ ပြုလုပ်နေကြောင်း JIM ညွှန်ကြားရေးမှူးချုပ် Datuk Zakaria Shaaban က ပြောထားသည်။
ထို့အပြင် ဩဂုတ် ၁၁ ရက်က Kedah ပြည်နယ် Kuala Muda၊ Kubang Pasu နှင့် Langkawi ဒေသများတွင် ပြုလုပ်ခဲ့သည့် Ops Mahir နှင့် Ops Sapu စစ်ဆင်ရေးများအတွင်း နေရာ ၂၂ ခုကို စစ်ဆေးခဲ့ပြီး နိုင်ငံခြားသား ၉၄ ဦး ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၂၆ ဦး ပါဝင်ခဲ့သည်။
ဩဂုတ် ၁၈ ရက်ကလည်း Kuala Lumpur မြို့တွင် သံသယရှိ ပြည့်တန်ဆာလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဝင်ရောက်စီးနင်းရာ လူ ၂၆ ဦး ဖမ်းဆီးခံခဲ့ရပြီး မြန်မာအမျိုးသား ၃ ဦးနှင့် မြန်မာအမျိုးသမီး ၁ ဦး ပါဝင်ခဲ့သည်။
ထို့အပြင် ဩဂုတ် ၂၅ ရက်တွင် Kelantan ပြည်နယ်၌ မလေးရှား ရေကြောင်းဥပဒေစိုးမိုးရေးအေဂျင်စီ (MMEA) က မြန်မာနိုင်ငံသား ၃၇ ဦး၊ ကလေးငယ်တစ်ဦးအပါအဝင် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။ ယင်းဖြစ်စဉ်မှာ JIM ၏ လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးမဟုတ်ဘဲ MMEA က တရားမဝင် လူဝင်ရောက်မှုနှင့် လူမှောင်ခိုမှုကို တားဆီးရန် ပြုလုပ်သည့် စစ်ဆင်ရေးဖြစ်သည်။
မလေးရှားအစိုးရဘက်ကလည်း နိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများ၏ အခြေအနေကို ဆက်လက်စိစစ်နေပြီး ဩဂုတ် ၁၅ ရက်အထိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် မြန်မာနိုင်ငံသား ၁၀,၃၈၈ ဦး ရှိနေကြောင်း ထုတ်ပြန်ထားသည်။
သို့သော် အဆိုပါ ၁၀,၃၈၈ ဦးသည် မြန်မာနိုင်ငံသား အားလုံးကို ရည်ညွှန်းခြင်းဖြစ်ပြီး ဒုက္ခသည်များသာ ပါဝင်သည့် အရေအတွက်မဟုတ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက ရှင်းလင်းထားသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားများအပေါ် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်တင်းကျပ်နေပြီး မြန်မာနိုင်ငံသားများလည်း အဆိုပါ စစ်ဆင်ရေးများအတွင်း ဆက်တိုက်ဖမ်းဆီးခံနေရခြင်းဖြစ်သည်။
ကိုးကား — မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM)၊ BERNAMA၊ The Star
#မလေးရှား #မြန်မာနိုင်ငံသား #လူဝင်မှုကြီးကြပ်ရေး #ဖမ်းဆီးခံရ #နိုင်ငံခြားသား #မလေးရှားစစ်ဆင်ရေး #JIM #ImmigrationMalaysia #မြန်မာရွှေ့ပြောင်းအလုပ်သမား #မြန်မာဒုက္ခသည် #ပူချုံး #WesternNews