နိုင်ငံအနှံ့စစ်ရှုံးပြီး စစ်တပ် အင်အားအဆမတန်ပြုန်းတီးနေသဖြင့်… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️နိုင်ငံအနှံ့စစ်ရှုံးပြီး စစ်တပ် အင်အားအဆမတန်ပြုန်းတီးနေသဖြင့် စစ်မှုထမ်း(ပစ)များနဲ့သာ စစ်ထွက်နေရ

၁ စက်တင်ဘာ ||| နွေဦးအသံ |||

နိုင်ငံအနှံ့စစ်မျက်နှာတွေမှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ စစ်အင်အားအဆမတန်ပြုန်းတီးလာနေတာကြောင့် အသက်ဆက်နိုင်ဖို့အတွက် စစ်မှုထမ်းတပ်သား(ပစ)တွေနဲ့သာ ရှေ့တန်းသို့စေလွှတ်နေရတယ်လို့ စစ်တပ်တွင်းသတင်းအချက်အလက်တွေမှတဆင့် သိရပါတယ်။

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၇ လက်အောက်ခံ အမှတ် ၄၂၁ ခြေမြန်တပ်ရင်း - ခမရ ၄၂၁ တပ်ရင်းအနေနဲ့ အင်အား ၁၅၀ ခန့်စုဖွဲ့ပြီး မိုးဗြဲမြို့အနီး စစ်မြေပြင်သို့ ဖြန့်ခွဲစစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းတပ်သားတွေ အယောက် ၁၀၀ ကျော် အများဆုံးပါဝင်နေပါတယ်။

စစ်တပ်ဟာ စစ်အင်အား အဆမတန်ပြုန်းတီးလာနေတာကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ မိုးဗြဲမြို့အနီးတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေ သိမ်းဆည်းရရှိခဲ့တဲ့ စာရွက်စာတမ်းတွေမှာအဆိုပါ ခမရ ၄၂၁ ရဲ့ စစ်ထွက်အင်အားဖွဲ့စည်းပုံ စာရင်းအချက်အလက်တွေအရ သိရတာပါ။

"ဖယ်ခုံဘက်က တပ်ပါ၊ ရှေ့တန်းထွက်တဲ့ လူ၊ လက်နက်၊ ခဲယမ်း စုဖွဲ့မှု စာရင်းပါဗျ၊ အဓိကက စစ်ထွက်အင်အား ၁၅၀ မှာ သန္ဓေအင်အားက ၃ ပုံ ၁ ပုံတောင်မပါဘူး၊ ဟုတ်ပါတယ်ဗျ ပစ နဲ့ အသက်ဆက်နေတာပဲလေ၊ ပစ ဆိုတာသာ မရှိခဲ့ရင် မင်းအောင်လှိုင်တောင် သမ္မတအတု ဆိုတာမျိုးအထိ ဖြစ်မလာဘူးဗျ" လို့ အမည်မဖော်လိုတဲ့ CDM ဗိုလ်ကြီး တဦးကလည်း မှတ်ချက်ပြုပါတယ်။

တော်လှန်ရေးအင်အားစုတွေ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ မိုးဗြဲမြို့အနီးမှာ ကာကင်းယူပြီး ထိုးစစ်ဆင်ဖို့အတွက် ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြီးခဲ့တဲ့လပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်အုပ်စု အများအပြားသေဆုံးထိခိုက်ခဲ့ကြောင်း မိုးဗြဲ PDF က အသိပေးထားပါတယ်။

တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အပြင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ကန့်သတ်ပိတ်ပင်ထားတဲ့ လမ်းကြောင်းတွေကို ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ကြဖို့ကိုလည်း မိုးဗြဲ PDF က သတိပေးနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤20👍17👏3🥰2
September 1, 2026 1.1K