◼️မကွေးမှာ စစ်တပ်ယာဉ်တန်းကို PDF ကြားဖြတ်တိုက်ခိုက်ရာ အရာခံဗိုလ်တဦးအပါ စကစ ၅ ဦးသေဆုံး
၁ စက်တင်ဘာ ||| နွေဦးအသံ |||
မကွေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို PDF သရက်ခရိုင် အမှတ်(၃)တပ်ရင်းက ဩဂုတ် ၂၉ ရက်၊ ညနေ ၆ နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မကွေး-နတ်မောက်လမ်း၊ ကြာကန်နဲ့ ပုဂံမျှော်ကျေးရွာကြားမှာ စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာခံဗိုလ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး တပ်ကြပ်တဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့အပြင် စစ်ကားတစီးပျက်စီးခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၃ က အတည်ပြုထုတ်ပြန်ထားတာပါ။
ဒါ့အပြင် ပုဂံမျှော်ကျေးရွာရှိ စစ်တပ်လက်ပါးစေ ပျူစောထီးဂိတ်ကိုလည်း ၆၀ မမ လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်အနီးမှာ ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်အုပ်စုသေဆုံးထိခိုက်မှုကို စုံစမ်းဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ သရက်ခရိုင် အမှတ် ၃ တပ်ရင်း - ငါးပြေမ ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ အနီးကပ်သွားလာနေထိုင်တာတွေ မပြုလုပ်ဖို့အပြင် တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုအခြေအနေတွေကို အထူးသတိထားစောင့်ထိန်းပေးဖို့ အဆိုပါတပ်ရင်းက သတိပေးထားပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးတပ်တွေကို အရင်ကထက် ပိုမိုပါဝင်ထောက်ပံ့ကူညီပေးကြဖို့ကိုလည်း သရက်ခရိုင် တပ်ရင်း ၃ က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။
Photo | သရက်ခရိုင် တပ်ရင်း ၃
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
7
4
2
2September 1, 2026 310