The Voice Of Spring | နွေဦးအသံ |: post #43175 — TG.ME

◼️ရွှေကူမှာ စစ်တပ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစီးသိမ်းပိုက်ရရှိပြီး တစီးမီး‌လောင်ပျက်စီး

၃၀ ဩဂုတ် | နွေဦးအသံ |

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်သို့တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဩဂုတ် ၂၇ နဲ့ ၂၉ ရက်တို့မှာ တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော တစီး မီးလောင်ပျက်စီးပြီး တစီး သိမ်းပိုက်ရရှိခဲ့တဲ့အပြင် အရာရှိတွေအပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်အတိုင်း ကသာမှ ရွှေကူသို့ ဆက်လက်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ဩဂုတ် ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးခဲ့တာကြောင့် အစောင့်တပ်စိတ်နဲ့စောင့်ခိုင်းပြီး ဘိုကုန်းမှာချန်ထားခဲ့တဲ့ စစ်သင်္ဘောတစီးကို ထပ်မံချဉ်းကပ်စဉ် အစောင့်များထွက်ပြေးသွားတဲ့အတွက် သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရွှေကူမှ ဗန်းမော်သို့ ဆက်လက်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ဩဂုတ် ၂၉ ရက်မှာ ဆက်လက်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစီး မီးလောင်ပျက်စီးပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားကြပါတယ်။

မြစ်ကြောင်းတလျှောက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်သင်္ဘောတွေကို တိုက်ခိုက်မှုအပြင် မြေပြင်တိုက်ပွဲတွေမှာ တပ်မမှူး၊ တပ်ရင်းမှူး အဆင့်ရှိတဲ့ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုတွေ များပြားပြီး အထိနာနေသော်လည်း အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နဲ့ ရက်ပိုင်းတွေမှာလည်း စစ်မှုထမ်းတပ်သားများစွာသုံးပြီး အင်အားအလုံးအရင်းနဲ့ စစ်ကူလာတဲ့ စစ်ကြောင်းတွေ၊ စစ်သင်္ဘောလုံခြုံရေး စက်လှေတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာလည်း စစ်အုပ်စု သေဆုံးထိခိုက်မှုများပြီး အထိနာခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | Social Media

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤24👍14👏5🔥1
August 30, 2026 1.1K 2