ရုရှားသို့ မြောက်ကိုရီးယားတပ်ဖွဲ့ ၈,၅၀၀ ထပ်မံစေလွှတ် ဟု ယူကရိန်းထောက်လှမ်းရေးပြော
ယူကရိန်းထောက်လှမ်းရေးအဆိုအရ ရုရှားသို့ အသစ်ရောက်ရှိလာသည့် မြောက်ကိုရီးယားတပ်ဖွဲ့ ၈,၅၀၀ တွင် ယူကရိန်းအတွင်း ပစ်မှတ်များကို ထောက်လှမ်းခြင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့် ဒရုန်းယူနစ် ပါဝင်ကြောင်း CNN သို့ ပြောကြားခဲ့သည်
အဆိုပါတပ်ဖွဲ့တွင် ဒရုန်းအော်ပရေတာ ၄၀၀ ခန့်နှင့် အင်ဂျင်နီယာ/မိုင်းရှင်းလင်းရေးသမား ၁,၀၀၀ ခန့် ပါဝင်ပြီး အများစုမှာ ရုရှားနိုင်ငံ Kursk ဒေသတွင် တပ်စွဲထားသည်ဟု ဆိုသည်
၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၂၅,၀၀၀ ခန့် ရုရှားသို့ စေလွှတ်ခြင်း သို့မဟုတ် အလှည့်ကျတပ်ဖြန့်ခြင်း ပြုလုပ်ခဲ့ပြီးဖြစ်သည် ထို့အပြင် KN-23 နှင့် KN-24 ပဲ့ထိန်းဒုံးကျည်များကိုလည်း ရုရှားထံ ထောက်ပံ့ထားသည်
အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားက ရုရှားထံမှ လေကြောင်းကာကွယ်ရေးနည်းပညာများ ရယူရန် ကြိုးပမ်းနေပြီး Pantsir-S1 စနစ်တစ်ခုကို ရရှိထားပြီးဖြစ်ကာ S-400 စနစ်ကိုလည်း ရယူလိုနေကြောင်း ယူကရိန်းထောက်လှမ်းရေးက ဆိုသည်။
ယူကရိန်းထောက်လှမ်းရေးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် စက်တင်ဘာလတွင် ကင်ဂျုံအန်နှင့် တွေ့ဆုံပါက မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၅၀,၀၀၀ အထိ ထပ်မံတောင်းဆိုနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ကင်ဂျုံအန်၏ညီမ ကင်ယိုဂျုံက နောက်ထပ်အကြီးစားတပ်ဖြန့်မှု သတင်းများမှာ “အခြေအမြစ်မရှိ” ဟု ပယ်ချထားသည်
နောက်ဆုံးရပြည်တွင်းပြည်ပသတင်းများဖတ်ရှုနိုင်ရန်