𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐎𝐟 𝐒𝐲𝐫𝐢𝐚𝐦: post #1855 — TG.ME

Forwarded fromSHShambhala 𓅓
မိ၀င်းဖတ်ဖို့ကဗျာ ၅

နောက်တစ်ကြိမ် ကဗျာရေးတဲ့အခါ
‘ကမ္ဘာကြီး’ဆိုတဲ့ စကားလုံး မပါဖို့
အကြိမ်ကြိမ် ငါ ဆုံးဖြတ်မိရဲ့။
အဲဒီ ဆုံးဖြတ်ချက်
တစ်သက်လုံး ငါ တည်ဖို့ရာ
ငါ့ကိုယ်ငါ ဆုံးဖြတ်နိုင်ပါ့မလား
ကမ္ဘာကြီး။

တစ်နေ့ တစ်ကြိမ်
ငါ့ဦးခေါင်းပေါ် ဖြတ်ဖြတ်သွားတဲ့
နေမင်းကြီးကလည်း နေ့တိုင်းပဲ လုံးလုံးဝိုင်းဝိုင်း။

ဒီလိုနဲ့
ငါ မလိုချင်တာတွေ ငါ ပြန်ပြန်ရ
ငါ ထွေးပြီးသားတွေ ငါ ပြန်ပြန်မျိုချ
သုံးမရပေမဲ့
လွှင့်မပစ်ရက်တဲ့ ငါ့ဘဝကြီးကို
ငါ ပြန်ပြီး တွယ်ငြိခဲ့ရပေါ့။

မေ့ပစ်လိုက် ...
မေ့ပစ်လိုက် ...
မေ့ပစ်လိုက် မိဝင်းရေ … ။

ဒီလိုနဲ့
ကွန်ဆာဗေးတစ် ဖြစ်လိုက်၊
လစ်ဘရယ် ဖြစ်လိုက်
ရိုမန်တစ် ဖြစ်လိုက်၊ အိပ်ဇစ် ဖြစ်လိုက်
မော်ဒန်နစ် မဖြစ်သေးတာ တစ်ခုပဲ
အသည်းနာစရာပါကွယ်။
ငါ မလိုချင်တာတွေပဲ ရပြီး
ငါ လိုချင်တာ ဘာတစ်ခုမှ မရခဲ့တဲ့
ကမ္ဘာကြီး။

အရက်ဆိုင်တွေ မရှိတဲ့ ညနေခင်းဆိုတာ
ကျေးငှက်သာရကာတွေ မရှိတဲ့
တောအုပ်တစ်အုပ်လိုပါပဲ။
မြစ်တွေကို ငါ မလိုချင်ခဲ့ဘူး
သင်္ဘောမှောက်တဲ့ မိုးကောင်းကင်
ပင်လယ်အတုနဲ့
လူမှုရေးအတုနဲ့အနုပညာကို ငါ မလိုချင်ဘူး
အဟောင်းတွေကို ပြောင်းပြန်လှန်ထားတဲ့
မော်ဒန်အတုကို ငါ မလိုချင်ခဲ့ဘူး။

ဟောဒီ ရင်ဘတ်ကို စမ်းကြည့်လိုက်စမ်း
ခုန်နေတဲ့ နှလုံးသွေးဟာ
မင်းကလေး တစ်ယောက်တည်းအတွက်ပါကွယ်။

ဒါ ... ရူဒီအယ်လင်ရဲ့
ပြက်လုံးတစ်ခု မဟုတ်ပါဘူး။
ဆိုကရေးတီး ဆန်တဲ့
အလွမ်းပြဇာတ် တစ်ပုဒ်လည်း
မဟုတ်ဘူးကွဲ့။

သားရေဖုံးပြီး
ရွှေစာလုံးနဲ့ ကမ္ပည်းထိုးရမယ့်
ပိုင်စိုးဝေပါ။

မြက်ခင်းတွေကသာ
နွားအုပ်ကို ရွေးချယ်ခွင့်ရှိသတဲ့။
မေ့ပစ်လိုက် မိဝင်းရေ။

ကိုယ့်အိတ်ကပ်ထဲ
တစ်ပြားတစ်ချပ်မှ မပါခဲ့ရင်
လမ်းပေါ်ကလည်း တစ်ပြားတစ်ချပ်မှ
ကောက်မတွေ့တတ်ဘူး။
ကံကြမ္မာဆိုတာကို သည်လိုပဲ မျှားယူရသပေါ့။

အခုတော့ ငါဟာ
မရင့်ကျက်သေးတဲ့ ဖခင်အိုတစ်ဦး
ဖြစ်ခဲ့ရပြီ
မင့်နှလုံးသားဆီ အရောက်လာဖို့ရာ
အတောင်ပံ မပါတာက လွဲရင်
အားလုံးထံ ငါ ပျံဝဲနိုင်ရဲ့။
အသည်းကွဲဖူးတဲ့ ငှက်တွေ
ပျံခွင့်မရှိတဲ့ မိုးကောင်းကင်မှာ
ထင်ရာကို ငါ စိုင်းခဲ့ပေါ့။

ပိုင်စိုး​ေ၀ • ဟန်သစ်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၉၆။

#Taninekha
#poem
January 26, 2026 919