ဖြတ်သန်းသွားသော လေညှင်းကလေး၏ အိမ်မက်
ပန်းကလေးတစ်ပွင့်ရဲ့ ပါးစပ်ထဲမှာ
အလှအပစား ကပ်ပါးကောင်တွေ
စေတန်နဲ့ အလဲအလှယ် လုပ်ထားတဲ့အရာဟာ ပိုးတီကောင်လေးရဲ့ ပန်းသီးလေးပါ။
ချေ(ဂျီကောင်) ကိုက်၍ သေဆုံးသွားသော
ကျားတစ်ကောင်ရဲ့ ရုပ်အလောင်းကို
စွတ်ပြုတ် လုပ်သောက်လိုက်တဲ့ ဇွန်းဟာ သွေးစွန်းနေတဲ့ကောင်ပေါ့။
အမှောင်ထုဟာ လှပတဲ့ အစိမ်းရောင်မျက်လုံးနဲ့ လက်သည်းဖွေးဖွး နဲ့ အဆွယ်ဖွေးဖွေးနဲ့၊
ခွေးတစ်ကောင်ရဲ့ ဉီးချိုနဲ့ ခရာမှုတ်နေသော ဗိုက်ကင်းကြီးတွေ
သွေးပင်လယ်ထဲကနေ တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ခဲ့ကြတယ်။
သစ်ပင်တွေကိုစိုက်ပါ။
အသီးမသီးသော အပင်အား သတ်စေ။
ပစ် အသေမထားနဲ့ အရှင်လတ်လတ် မြေမြှုတ်ကြ၊
ယနေ့မနက် သတင်းမှာတော့
ဆယ်ကျော်သက်တစ်ဉီး အလိုမတူပဲ
ကိုယ့်ကိုယ့်ကို အဓမ္မပြုကျင့်ခံရ၊
ချစ်သူအတွက် လေထိုးတံဖြင့်
နှလုံးထဲ အဆက်မပြတ်
လေထိုးသွင်းသောကောင်လေး သေဆုံး၊
၁၀၉/၁၁၀ ပိုင်ရှင်မဲ့ အတွေးများအား
ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီး အရေးယူနေရ၊
ထိုသတင်းများကို ထိုင်ကြည့်နေသော အဖိုးကြီး၏ ဆေးတံမှ ညည်းညူသံများ အခန်းထဲတွင် ပျံ့နှံ့နေသည်။
နေ့ရက်တိုင်းကို လှပစေဖို့ ဆား၊နနွင်း၊ဟင်းချိုမှုန့်နဲ့ နယ်ထားပါ၊အနံ့၊ အရသာနဲ့ ပြည့်စုံတာပေါ့။
ချိုမြိန်တဲ့ နေ့ရက်တွေရချင်ရင်တော့
သကြားလေးထည့်နှပ်ပေါ့။
ဂေးတစ်ယောက်ပြောတဲ့ တိမ်တွေပေါ်က ပန်းပွင့်တွေအကြောင်း နားထောင်ဖူးတယ်။
အရာရာကို ဆင်ဆာဖြတ်ချင်နေတဲ့
ဂုဏ်သရေရှိ ကြက်တူရွေးများ၏ စကားများကို ကြားဖူးတယ်။
ပထမဆုံး လက်ခလယ်ထောင်ဆဲခြင်းကိုလည်း ဂုဏ်ယူဖူးတယ်။
ငါ့ဖက်လုံးလေးဟာ တစ်ချိန်က
ငါ့ကိုနှစ်သိမ့်ပေးခဲ့တဲ့ လက်တစ်စုံပဲ။
လေတိုက်တိုင်းလွင့်နေတဲ့ ငါ့ဆံနွယ်တွေဟာ မိုးမခပင်ကြီးရဲ့ အရွက်တွေလေ၊
ယိမ်းနွဲ့နေတဲ့ မြက်ရိုင်းတောကြီးဆိုလည်း ဟုတ်တာပဲ၊
ပေါင်မုန့်နဲ့ ကြက်သွန်နီဟာ
ပြင်သစ်ပြည်ကြီး အဓွန့်ရှည်ပါစေလို့
ပြိုင်တူအော်လိုက်ကြတယ်။
အောင်နွယ်ဦး
12/6/2026
#Taninekha
#poem
Forwarded fromShambhala 𓅓
June 12, 2026 528