လွင့်မျောနေသော ဆိတ်တစ်ကောင်ရဲ့ ညစာ
ခရမ်းရောင် ကျားကွက်တွေရဲ့ အလွန်မှာ
အပယ်ခံ အိမ်တစ်လုံး ရှိတယ်။
အဲ့ထဲကို ပြည်နှင်ဒဏ်သင့်
နှခမ်းမွှေးကောက်ရယ်၊
စက္ကူရုပ်ကျား ခဲထားတဲ့ လည်ပင်းရယ်၊
ဒေါက်ဖိနပ် တစ်ရန်ရယ်၊
ပြေးနေတဲ့ ကျည်တစ်ထောင့်ရယ်၊
ထည့်ထားလိုက်တယ်။
သေဒဏ်ပေးထားတဲ့ ပန်းတွေနဲ့
အလှဆင်ထားတဲ့ ဆံနွယ်တွေကို
ဘယ်လို မျက်လုံးနဲ့ ကြည့်မလဲ။
စိတ္တကမ္မနဲ့ ဂျီသြေမေတြီဟာ
လင်မယားတော်ကြသတဲ့။
တတ်ကျမ်းဆိုတာ နှာမွန်စရာ အဖျားပိုးပဲ၊
အချည်နှောင်ခံ သံကြိုးရဲ့ မျက်ရည်ဟာ
စမ်းချောင်းလေးအဖြစ် စီးဆင်းသွား၊
ကဗျာစာရွက်တွေကို ဆိတ်တစ်ကောင်
စားလိုက်လို့ အဲ့ဆိတ်ဟာ
ဆိတ်ကဗျာဆရာ ဖြစ်သွားရော၊
ပေါင်မုန့်ကို မဆလာနဲ့နယ်ပြီး
ကြော်လို့ရတဲ့ ရနံ့ကို လက်ဖက်ရည်နဲ့
မနက်စာအဖြစ် စားလိုက်
ကြက်ဥပြုတ်ရဲ့ စိတ်ညစ်မှု့ဟာ
ဘဲဥပြုတ်နဲ့ တူခြင်းပဲ။
ဆမ်ရဲ့ အစိမ်းရောင်ကြက်ဥပြုတ်နဲ့
အမဲသားတွေဆို ဆိတ်တွေက ကြိုက်တယ်။
သစ်ငုတ်တိုကြီးတွေကို အလေးပြုကြ။
အိမ်မက်ကမ္ဘာထဲက မနိုးကြတော့သူတွေကို ဖက်နမ်းကြ
အတုအယောင် စိတ်ကူးယဥ်ကမ္ဘာဟာ
စေတန်ပဲ။
အောင်နွယ်ဦး
17/12/2025
Forwarded fromShambhala 𓅓
1December 17, 2025 954