ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေး
ရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။
မကြာသေးခင်က မိတ်ဆွေတစ်ယောက် ခွေးကိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီးကို ခွေးရူးကာကွယ်ဆေး သွားထိုးခဲ့ပါတယ်။ ဆေးရုံရောက်တော့ သူအပါအဝင် လူသုံးယောက်ပဲ ရှိသေးတယ်။ ဆေးတစ်ပုလင်းကို လူငါးယောက်အသုံးပြုဖို့ စောင့်နေရတာကြောင့် နောက်ထပ်လူတွေ လာမလားဆိုပြီး စောင့်ခဲ့ကြပါတယ်။ နောက်ဆုံးလူငါးယောက်မပြည့်ဘဲ လေးယောက်ပဲ ရှိခဲ့တဲ့အတွက် ဆေးမထိုးနိုင်ဘဲ ပြန်လာခဲ့ရပါတယ်။
ပုဂ္ဂလိကဆေးရုံကြီးတွေမှာတော့ဆေးရှိကောင်းရှိနိုင်ပါလိမ့်မယ်။ဒါပေမယ့်အဲဒီဆေးရုံတွေဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းအတွက် မဟုတ်ပါ။တနေ့စာတနေ့ရုန်း
ကန်နေကြရတဲ့လူတွေအတွက် မသက်ဆိုင်
တဲ့နေရာမျိုးပါပဲ။
ဒီဖြစ်ရပ်ကိုဆေးရုံတစ်ခုရဲ့စီမံခန့်ခွဲမှုအခက်
အခဲတစ်ခုအဖြစ်ပဲ မြင်လိုက်ရင် ပြဿနာရဲ့ အတိမ်အနက်ကိုမြင်တာ မဟုတ်သေးပါဘူး။တကယ်တော့ ဒီဖြစ်ရပ်နောက်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်တစ်ခုလုံးကို ဝင်ရောက်ထိခိုက်နေတဲ့ ပိုကြီးတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရှားပါးလာခြင်း၊ ဒေါ်လာကို စစ်အုပ်စုဘက်က ထိန်းချုပ်လာခြင်းနဲ့ သွင်းကုန်လိုင်စင်တွေကို တင်းကြပ်လာခြင်းက ဆေးဝါးရရှိနိုင်ရေး လမ်းကြောင်းကိုပါ တိုက်ရိုက် ရိုက်ခတ်လာတာပါ။
ဒေါ်လာရှားတာက ဘာကြောင့် ဆေးရှားတာနဲ့ ဆက်စပ်သလဲ။ မြန်မာနိုင်ငံရဲ့ ဆေးဝါးဈေးကွက်ဟာ ပြည်တွင်းထုတ်လုပ်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်ရှိ မြန်မာ
နိုင်ငံမှာ အသုံးပြုနေတဲ့ ဆေးဝါးတွေရဲ့ ခန့်
မှန်းခြေ ၈၀ ရာခိုင်နှုန်းလောက်ဟာ ပြည်ပကနေ တင်သွင်းရတာဖြစ်တယ်လို့ နောက်ဆုံးထုတ်ပြန်ထားတဲ့ကုန်သွယ်ရေးဆိုင်ရအချက်
အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒေါ်လာမရှိရင်ဆေးတင်သွင်းလို့မရဘူး။ဆေးတင်သွင်းလို့မရရင်ဆေးရှားမယ်။ ဆေးရှားရင် ဈေးတက်မယ်။ ဈေးတက်ရင် လူနာတွေ ဆေးမဝယ်နိုင်တော့ဘူး။ ဒီလို ရိုးရိုးရှင်းရှင်း ဆက်စပ်နေပါတယ်။အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ နိုင်ငံခြားငွေ ရရှိနိုင်မှု ပြဿနာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကျန်းမာရေးအခြေအနေ သုံးသပ်ချက်မှာလည်း ၂၀၂၁ ခုနှစ် မေလက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်ရှိရာက ၂၀၂၄ ခုနှစ် မေလမှာ ပြင်ပဈေးကွက်အရ ကျပ် ၅,၀၀၀ နီးပါးအထိ ကျပ်ငွေတန်ဖိုးကျဆင်းလာခဲ့တာက နိုင်ငံခြားငွေ ရှားပါးမှုကို ဖြစ်စေပြီး ဆေးဝါးနဲ့ အခြေခံလိုအပ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ကန့်သတ်မှုတွေ ဖြစ်လာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဆေးရှားတာကို “ဆေးကုမ္ပဏီတွေ ဆေးမသွင်းချင်လို့”လို့ မြင်လို့မရပါဘူး။ဆေးဝါးတင်သွင်းဖို့လိုတဲ့ ဒေါ်လာကိုရှာမရတာ၊ ရှာရင်တောင် တရားဝင်လမ်းကြောင်းကနေ ရရှိဖို့ ခက်ခဲတာနဲ့ အဲဒီဒေါ်လာသုံးပြီး ဆေးတင်သွင်းဖို့ လိုင်စင်ရယူရတာတွေက အဓိက အတားအဆီးတွေ ဖြစ်လာတာပါ။ ဆေးက ရှိတယ်၊ ဒါပေမယ့် တင်သွင်းလို့မရဘူးဖြစ်နေတာပါ။ဘာကြောင့်တင်သွင်းလို့ မရတာလဲဆိုတော့ အာဏာသိမ်းထားတဲ့ စစ်အုပ်စုကတားမြစ်ထားတာကြောင့်ပါ။
https://www.ludunwayoo.com/feature-mm/2026/08/24/166474/

LuduNwayOo
အာဏာသိမ်းပြီးနောက်ဒေါ်လာရှားပါးမှုက ရိုက်ခတ်လာတဲ့ မြန်မာ့ကျန်းမာရေး | LuduNwayOo
ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။
16
2
1
1August 24, 2026 1.5K 2