People's Spring: post #111579 — TG.ME

ကချင်ပြည်နယ် အင်အားဖြည့်လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်၊ သင်္ဘော ၁စီး မီးလောင်

ဩဂုတ်၂၄၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့ဘက်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို 7Stars News က ဖော်ပြလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းရင်းမြစ်အချို့က အခုလို ရှင်းပြတာပါ။

“ပြောပြလာတဲ့ သတင်းအရတော့ လတ်တလော တက်လာတဲ့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်ဗျ။ ဖြစ်စဉ်နေရာကတော့ အတိအကျ မပြောပြသေးလို့ Comfirm မပေးနိုင်သေးပါဘူးဗျ။ ၆စီးကို ဝင်တိုက်ခဲ့ပြီး ၁စီး မီးလောင်သွားတာကိုတော့ ကနဦး သိထားရပါတယ်” လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း တိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ် မသိရသေးသလို စစ်သင်္ဘောတွေ ကချင်ပြည်နယ်ဘက်ကို မရောက်သေးဘူးလို့ ပြောပါတယ်။

“ဆော်ပလော်တော့ တီးနေကြတယ်။ထိရောက်တဲ့ ဖျက်ဆီးမှုတွေ မလုပ်နိုင်သေးဘူးထင်တယ်။ အဲဒါ(စစ်သင်္ဘောတွေကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံ)တွေက သပိတ်ကျင်းဝန်းကျင်က ရုပ်သံတွေ ထင်တယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ရုပ်သံပါအချက်အလက်တွေအရ ရေကြောင်းအတိုင်း တန်းစီမောင်းနှင်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို တော်လှန်ရေး ရဲဘော်တွေက ဒရုန်းနဲ့ ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။

“မောင်းတဲ့ စက်ခန်းတိုက်မှာ … မင်းတည့်တည့်က သင်္ဘောရဲ့ နောက်က သင်္ဘော… ရှေ့ကနေ ကြိုသွား… နောက်က တွန်းတဲ့ကောင်နော်… နောက်က ရရင်နောက်က ပတ်တိုက်မယ်… မရရင် ရှေ့ကပဲ တိုက်… အဲဒီသင်္ဘောတိုက်… တိုက် “ လို့ တော်လှန်ရေးရဲဘော်တွေက သင်္ဘောကို ဒရုန်းနဲ့ တိုက်ခိုက်မှု ပြုလုပ်စဉ် ပြောဆိုနေတာကို ရုပ်သံမှာ ကြားရပါတယ်။

ဒါ့အပြင်နောက်ထပ် စစ်သင်္ဘောအချို့ကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုတွေကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်ဘက်က ဆုံးရှုံးနယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး စစ်အင်အားတွေ အလုံးအရင်း ဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာတွေ ပြုလုပ်လျက်ရှိပါတယ်။

အခုလို မန္တလေးဘက်ကနေ ကချင်ပြည်နယ်ဘက်ကို စစ်အင်အားဖြည့်ဖို့လာတဲ့ သင်္ဘောတွေရဲ့ သတင်းကို ကြားသိရပေမဲ့ ကချင်ပြည်နယ်အတွင်း မရောက်သေးလို့ သတင်းအချက်အလက်တွေ တိတိပပ မသိရသေးကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဩဂုတ် ၂၃ရက်က ပြောပြထားပါတယ်။

လတ်တလောမှာ စစ်တပ်ဟာ ရွှေကူမှာ စစ်ကူအင်အားအလုံးအရင်းနဲ့ စစ်မျက်နှာ တွေဖွင့်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ စစ်တပ်ဘက်က လေကြောင်းကနေ အကြီးအကျယ် ဗုံးကြဲတာတွေ ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေရှိပေမဲ့ စစ်တပ် စစ်ကြောင်းတွေ ရှေ့မတိုင်းနိုင်သေးကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဩဂုတ် ၂၂ရက်၊ ၂၃ရက် ရွှေ့ကူဒေသ စစ်ရေး အခြေအနေတွေကို ပြောပြထားပါတယ်။
👍19🥰4❤1👏1🤣1🖕1