မြန်မာနိုင်ငံတစ်ဝန်း မြစ်ရေကြီးမှုအန္တရာယ် မြင့်တက်နေပြီး မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်၊ ပခုက္ကူနှင့် ညောင်ဦးအပါအဝင် မြို့များတွင်လည်း ရေကြီးနိုင်ဟု သတိပေး
ရန်ကုန်၊ ဩဂုတ် ၉
မြန်မာနိုင်ငံတစ်ဝန်း မြစ်ရေကြီးမှုအန္တရာယ် မြင့်တက်နေပြီး မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေကာ ပခုက္ကူနှင့် ညောင်ဦးအပါအဝင် မြို့များတွင်လည်း ရေကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ်ပိုင်း တွင် သတိပေးချက် ထုတ်ပြန်သည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၉ ရက်နေ့ တိုင်းထွာချက်များအရ မြစ်ငယ်၊ မင်းကင်း၊ မုံရွာ၊ ဘားအံနှင့် မဒေါက်မြို့များတွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိနေကြောင်း သိရသည်။
ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာရှိသော်လည်း ဩဂုတ်လ ၉ ရက် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ၉၆၂ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် စိုးရိမ်ရေမှတ် ၁,၃၅၀ စင်တီမီတာရှိသည့်အနက် လက်ရှိတွင် ၁,၃၅၇ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။
အလားတူ မုံရွာမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁,၀၀၀ စင်တီမီတာထက် ကျော်လွန်ကာ ၁,၀၂၀ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိတွင် ၇၈၆ စင်တီမီတာအထိ ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ၁,၀၇၀ စင်တီမီတာရှိသော်လည်း လက်ရှိတွင် ၁,၀၈၇ စင်တီမီတာအထိ ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၄ လက်မခန့် ပြန်လည်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
တစ်ဖက်တွင် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း မြင်ခြုံ၊ ပခုက္ကူနှင့် ညောင်ဦးမြို့များတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း သို့မဟုတ် ကျော်လွန်ခြင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
လက်ရှိ တိုင်းထွာချက်များအရ မြင်ခြုံမြို့တွင် ဧရာဝတီမြစ်ရေ ၁,၁၀၉ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၁,၁၅၀ စင်တီမီတာ ဖြစ်သည်။ ပခုက္ကူမြို့တွင် မြစ်ရေ ၂,၁၀၅ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၂,၁၅၀ စင်တီမီတာ ဖြစ်ကာ ညောင်ဦးမြို့တွင် မြစ်ရေ ၂,၀၉၁ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ ၂,၁၂၀ စင်တီမီတာ ဖြစ်သည်။
အဆိုပါမြို့များတွင် လက်ရှိမြစ်ရေသည် စိုးရိမ်ရေမှတ်နှင့် နီးကပ်လာနေသည့်အတွက် နောက် ၁ ရက်အတွင်း ရေကြီးရေလျှံမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုအခြေအနေကို အထူးသတိပြုကြရန်နှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးနှိုးဆော်ထားသည်။
ဓာတ်ပုံ- ငဝန်မြစ်ရေကာတာကျိုးပေါက်သွား၍ လေးမျက်နှာမြို့နယ်အပါအဝင် ဧရာ၀တီတိုင်းတွင် ရေကြီးနေစဉ်။