“နှစ်ခါတည်းပါတော်၊ ထန်းသုံးပင်စုမှာတစ်ခါ၊ တောထဲမှာတစ်ခါ၊ ဖိုးဌေးတောင်ပါသေး” ပါကညောကြီး ခန္ဓာကိုယ်ပါ ကျုံ့ဝင်သွားတယ်။ ဖိုးဌေးဆို ရှက်လွန်းလို့ လုံချည်ပါ ကောက်ခြုံပစ်လိုက်တော့တာ။ နောက်တော့မှ ပါကညော ကြီး ကိုယ်ရှိန်ပြန်သတ်ပြီး “ကဲ အတိတ်တွေပြောနေလို့ အကျိုးမရှိဘူး” “ပစ္စုပ္ပန်မှာရော ကောင်းဖို့ရှိလို့လား” “မရှိ..အဲ..ရှိ” သူ့စကားမဆုံးဘူး။ တဲထဲထိုင်နေတဲ့ မလက်တို ဝင်ထောက်လိုက်တာမို့ ဘာဆက်ပြောရမှန်းမသိဘူး။ နောက်မှသတိရပြီး “နေစမ်းပါဦး လက်တိုရာ၊ ဒီမှာ အရေးကြီးတာလေး ဆွေးနွေးပါရစေဦး” မလက်တိုက ပါကညောကို ဖမ်းထားတဲ့ကြက်တစ်ကောင် ထောင်ပြတယ်။ ပါကညောက လည်လှီးလိုက်ဆိုတဲ့ပုံစံ လုပ်ပြတယ်။ သိပ်မကြာဘူး။ အွတ်ခနဲမြည်သံ ပေါ်လာတော့တာပါပဲ။ ပါကညောက ပြန်စပြီး “ကဲ ငပိန်၊ မင်းမှာ ပစ္စည်းဆန်းတစ်ခုရှိတယ်ဆို၊ ငါ့ကိုပြစမ်းပါ” ငပိန်က သူ့အောက်ကိုသူ ငုံ့ကြည့်တယ်။ ပါကညောကပဲ သူ့လက် ကိုဆွဲပြီး “အဲဒါပြောတာ မဟုတ်ပါဘူးကွာ၊ ဟိုလေ မင်း မင်းခိုးလာတာ ဘာ” သူ့စကားကြားတာနဲ့ ဒိုးကျသူကြီး ဦးစံကြီးကလဲ ပျာပျာသလဲနဲ့ “ဟေ့ကောင်ငပိန်၊ ငါ ငါအရင်ညှိတာနော်၊ ငါအရင်ညှိတာ” ဆိုပြီး ဝင်ပြောတယ်။ ဒါကို လူရည်လည်တဲ့ ပါကညောက “အရင်ပြောတာတွေ နောက်ပြောတာတွေ အရေးမကြီးပါဘူး၊ အရေးကြီးတာက ရင်းနှီးတဲ့ဆက်ဆံရေးပဲ ကြည့်စမ်း၊ ခေါ်တာကိုက ငပိန် တဲ့၊ ငါဆို ဒီလိုမခေါ်ဘူး၊ လေးစားသမှုနဲ့ မောင်ပိန်ပေါ့၊ ဟုတ်ဖူးလား မောင်ပိန်ရာ” ပါကညောစကားလဲကြားရော ဦးစံကြီးက အားကျမခံပဲ “သူကသာ မောင်ပိန်ခေါ်တာ၊ ကျုပ်ကတော့ အရပ်ထဲဆို ကိုပိန် ခေါ်တာဗျ၊ နော့် ကိုပိန်” အဲ့ဒီအသံလဲကြားရော ပါကညောကြီးက ငပိန်ကို ထဖက်လိုက်ပြီး “ခင်ဗျားတို့ကသာ ကိုပိန် ကိုပိန်ခေါ်တာ၊ ကျုပ်က ချစ်စနိုးနဲ့ သား လေးမောင်ပိန်တောင် ခေါ်မိတယ်” ပါကညောစကားကြောင့် စံကြီး မျက်မှောင်ကျုံ့သွားတယ်။ ပြီးမှ ပါကညောကိုကြည့်ပြီး “ဒီမှာ ပါကညော” “ဘာလဲ စံကြီး” ဟိုကလဲ ခပ်မာမာပဲ ပြန်ထူးတယ်။ ဦးစံကြီးက ငပိန်နဲ့ပါကညောကို လက်ညှိုးထိုးပြီး “မင်း ငပိန်တို့အမေနဲ့ရော ကင်းရဲ့လား” စံကြီးစကားကြောင့် ပါကညော ပျာပျာသလဲ ဖြစ်သွားတယ်။ ပြီးတော့ ဖက်ထားတဲ့ ငပိန်ရဲ့ပခုံးကို တွန်းခွာပြီး “ကင်းပါတယ်ကွ၊ ငါက ငပိန်ကို ချစ်လို့ခေါ်တာ၊ နော် ပိန်တိမ့် ပိန်..နော်” “မင်းသာ ချစ်စနိုးနဲ့ ပိန်တိမ့်ပိန်ခေါ်တာ၊ ငါဆို ရွာထဲမှာ ပိန်ထိမ့် တိမ့်ပိန်ပဲ” “မင်းသာ ပိန်တိမ့်တိမ့်ပိန်၊ ငါဆို ပိန်တိမ့် ပိန့်တိမ်ပိန်ပိန်” “တိမ့်ပိန်တိမ်ပိန့်၊ တိမ့်ပိန်တိမ်ပိန့်” “ပိန်တိမ်၊ ပိန်တိမ်၊ ပိန်တိမ်တိမ့်တိန်၊ ပိန်တိမ့်ပိန်” သူကြီးနှစ်ယောက် ငပိန့်နာမည်ခေါ်ရင်း ပါးစပ်ဆိုင်းအပြိုင်တီးသလိုကို ဖြစ်နေတယ်။ “တော်ကြပါတော့” ကြာတော့ ငပိန်ပါ သူ့နာမည်သူ စောက်မြင်ကတ်ပြီး ထအော်ယူရတယ်။ နှစ်ယောက်လုံးငြိမ်သွားမှ ငပိန်က “ဒီပစ္စည်းကို ခင်ဗျားတို့နှစ်ယောက်လုံး လိုချင်ကြတယ်မဟုတ်လား၊ ဒီတော့ ဈေးပြိုင်စနစ်နဲ့ ပေးမယ်ဗျာ၊ ကဲ ..ဘယ့်နှယ်လဲ” နှစ်ယောက်သား လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ နောက်မှ သတိ အနည်းငယ်ပိုရှိတဲ့ ဒိုးကျသူကြီးဦးစံကြီးက “ဈေးပြိုင်ဆိုလဲ ဈေးပြိုင်ပေါ့ကွာ၊ ဒါပေမယ့် ဘယ်လောက် ဘယ်လိုပေးရမယ်ဆိုတာ ပစ္စည်းလေးတော့ ကြည့်ပါရစေဦး၊ တကယ်ထိုက်တန်ရင် ထိုက်တန်သလောက် ပေးမှာပါကွာ” သူ့စကားကို ပါကညောကပါ ရောယောင်ပြီး “အေး ဟုတ်တယ်၊ ပိန်တိမ့်ပိန် အဲလေ ငပိန်ရ၊ ပစ္စည်းလေးကြည့် ပြီးမှ ကြိုက်ဈေးလေးခေါ်လို့ရမှာပေါ့” ငပိန် ခေါင်းကို ခပ်ဖြည်းဖြည်းညိတ်တယ်။ ပြီးတော့ ထန်းရည်တစ်ခွက် မော့သောက်လိုက်သေးတယ်။ ပြီးမှ “ကောင်းပြီလေ လိုက်ခဲ့ကြ” ဆိုပြီး မလက်တိုထန်းတဲနောက်က သူခိုးရာပါတွေဖွက်ထားတဲ့ တဲကို ခေါ်သွားတယ်။ တဲအဝင်ဝရောက်တော့မှ “ဒီမှာ ခင်ဗျားတို့အားလုံးကို တစ်ခုတော့ မှာထားမယ်” အားလုံးက ငပိန်ကိုကြည့်တယ်။ “ကျုပ်ပစ္စည်းတွေကို တစ်ခုမှ အလကားမယူရဘူးနော်၊ ကျုပ် ပင် ပင်ပန်းပန်းရှာထားတာတွေ” အောင်မာ။ သူခိုးက သူများပစ္စည်းကျ အလကားရသလိုခိုးပြီး သူ့ ခိုးရာပါပစ္စည်းကျတော့ အလကားမရဘူးတဲ့။ ဒီလိုအချိန်မဟုတ်လား။ အားလုံးက ခေါင်းညိတ်လက်ခံရတယ်။ သူတို့မြင်ချင်တာ ရှိနေနှင့်ကိုး။ ပလ္လင်လေ။ မြို့စားမင်းရဲ့ ခေတ်သစ်ပလ္လင်။ “အေး အေးပါကွာ၊ ကတိပေးပါတယ်၊ ငါ့ပုဆိုးမြင်ရင်တောင် ငါ ပြန်မယူပါဘူးကွာ” “မြန်မြန်လေး ကြည့်ရအောင်ကွာ” ငပိန် တံခါးကို ဖြည်းဖြည်းပဲ တွန်းဖွင့်လိုက်တယ်။ အထဲမှာလဲ မှောင်မည်းနေတာ။ “ချွင်” “ဟာ ဦးဘသန်း အဲဒီဖက်ကို မလျှောက်နဲ့၊ ဖိုးဌေး တွေ့ကရာ လျှောက်မကိုင်နဲ့ဗျာ” “အေးပါကွာ၊ ငါ့အိမ်က မြေအိုးလေးတွေ့လို့ပါ” “ဟေ့လူ ပြန်မယူရဘူး ပြောထားတာနော်၊ လာ ဒီလမ်းအတိုင်းလျှောက် သတိထားလျှောက်” သူ့ဂိုထောင်က ဝင်္ကပါလိုပဲ။ အကုန်လုံးကို ရှုပ်ယှက်ခတ်နေတာ။ တောင်းစုတ်ပလုံးစုတ်ကနေ သရက်ထည်ထိရှိတယ်။ ပါလာတဲ့သူ အားလုံးက သူတို့အိမ်က ပျောက်သွားတဲ့ပစ္စည်းတွေ လာပြန်ကြည့်နေရသလို ပဲ။ ပါကညောဆို သူ့လုံချည်နှစ်ကွင်း ဒီမှာပြန်တွေ့တယ်။
နှစ်ခါတည်းပါတော်၊ ထန်းသုံးပင်စုမှာတစ်ခါ၊ တောထဲမှာတစ်ခါ၊… — MBS CHANNEL — TG.ME
August 3, 2024 446