Kamayut Information - KMY INFO: post #3300 — TG.ME

အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးရာတွင် Smart Card ပါရှိရမည်ဟု သတ်မှတ်ပြီးနောက် ကမာရွတ်မြို့နယ် ထွေအုပ်ရုံးတွင် ဒစ်ဂျစ်တယ်မှတ်ပုံတင်ပြုလုပ်သူများပြား၊ လာဘ်စားမှုများဖြင့် လုပ်ကွက်များရရှိနေ

𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ မေလ ၂၅ ရက်၊ ၂၀၂၄ }

အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းသည့် နောက်ဆက်တွဲ ပြည်ပထွက်ခွါမှုများ ပိုမိုများပြားလာသည်ကို တင်းကြပ်ရန် ဧပြီ ၂၂ရက်နေ့စတင်၍ နိုင်ငံကူးလက်မှတ်စာအုပ် (Passport) ထုတ်ပေးရာတွင် Smart Card ပါရှိရမည်ဟု သတ်မှတ်လိုက်ပြီးနောက် ကမာရွတ်မြို့နယ်ထွေအုပ်ရုံးတွင် Smart Card ပြုလုပ်သူ များပြားလျက်ရှိပြီး လာဘ်စားမှုများဖြင့် လုပ်ကွက်များရှိနေကြောင်း စုံစမ်းသိရှိရသည်။

ကမာရွတ်၊ အမှတ်(၆)ရပ်ကွက်၊ နာနတ်တောတံတားအဆင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၊ မြေညီထပ်ခန်းတွင် မြို့နယ်လဝကဦးစီးမှုး အောင်မြင့်ဦး ကြီးကြပ်သည့် လဝကဝန်ထမ်း ၃ဦးမှ Smart Card များကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် Biometric Enrollment Application Form စာရွက်အား ထွေအုပ်ရုံးအနီး မိတ္တူဆိုင်တွင် ဝယ်ယူ၍ ဖောင်ဖြည့်သွင်းကာ စာရွက်တင်ရကြောင်း၊ ထို့နောက် အမှတ်စဉ်အလိုက် စာရင်းတိုက်စစ်၍ ဓါတ်ပုံ၊ မျက်လုံးနှင့် လက်ဗွေတို့ကို scanဖတ်ယူကာ Unique Identification Number စာရွက်အား ထုတ်ပေးကြောင်း၊ ထိုသို့ Enrollment form တင်၍ အမှတ်စဉ်အလိုက် စောင့်ရသည်ဖြစ်ရာ တပ်နှင့် ရုံးအချိတ်အဆက်ရှိသူများမှ ဦးစားပေးဝင်ရောက်ရကြောင်း၊ စာရွက်ထပ်ပေးသူကို ၂သောင်းမှ ၃သောင်းအထိ လာဘ်ပေးမှသာ လျင်လျင်မြန်မြန်ရကြောင်း၊ အလားတူ လဝကတွင် မှတ်ပုံတင်အမြန် နေ့ချင်းပြုလုပ်လိုလျှင် ပေါက်စျေး ၇သောင်းမှ တစ်သိန်းအထိ အသီးသီးပေးရကြောင်း သိရသည်။

“ အများစုကတော့ လူငယ်တွေများတယ် ကမာရွတ်တင်မဟုတ်ပဲ နေရာအသီးသီးကလူတွေပါ လာလုပ်ကြတယ်။ Smart Card မလုပ်ထားရင် တရားစွဲမယ် အရေးယူပါမယ်ပေါ့ Form စာရွက်တင်တာမှာတင် အမှတ်စဉ်ရှေ့ဆုံးရောက်ချင် ထွေအုပ်ရုံးက ပွဲစားမတချို့ကို လာဘ်ပေးနေကြတာတွေရှိတယ်။ စစ်တပ်ချိတ်နဲ့ရုံးချိတ်တွေ လာရင်တော့ သူတို့က ဦးစားပေးအရင်ဝင်ရတယ်။ အဲ့တော့ ပုံမှန်အတိုင်း စီတဲ့စာရွက်တွေက အောက်တွေရောက် ရက်တွေကြာကုန်တယ်။”ဟု မြို့နယ်နေပြည်သူအချို့ထံမှ သိရသည်။

ကမာရွတ်မြို့နယ်ထွေအုပ်ရုံးတွင် တစ်နေ့လျှင် ဦးရေ (၈၀)နှုန်းဖြင့် Smart Card များကို မြို့နယ်လဝကမှ ထုတ်ပေးနေပြီး ပြည်ပထွက်ခွါရန် တင်းကြပ်လိုက်သည့် မူဝါဒကြောင့် လာရောက် လုပ်ကြသူ များပြားကြောင်း သိရသည်။ အဆိုပါအခြေအနေသည် စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ပြည်ပထွက်ခွါမှုများကို တင်းကြပ်ရုံတင်မကပဲ တစ်ဖက်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဒေတာအချက်အလက်များကို ရှာဖွေဖမ်းဆီးမှုများတွင် အသုံးပြုနေကြသည်။

“ သူတို့က (စကစ) အစကတည်းက စစ်မှုထမ်းကိစ္စကို အသက်သွင်းပြီး ဖြစ်လာမယ့်အခြေအနေတွေမှာ ပထမဆုံးက ပြည်ပထွက်ခွါမှုဖြစ်မယ်ဆိုတာ ကြိုသိတယ် အဲ့တော့ အဲ့ထွက်ခွါမှုတွေကနေ သူတို့အတွက် ငွေစီးဆင်းမှုတစ်ခုရတယ်။ နောက် ပြည်ပထွက်ခွါမှုကို Smart Card နဲ့ပြန်ထိန်းချုပ်တယ် အဲ့တော့ သူတို့လုပ်တဲ့ Smart Card ကို promotion ဆင်းပြီးသားနဲ့ ဒေတာတွေကို အလွယ်တကူစုထားလိုက်နိုင်တယ်။ ဒါဟာ သူတို့(စကစ)ရဲ့လူတွေအပေါ် လိုသလို အသုံးချနေတဲ့အတွက် အထူးသတိထားသင့်တယ်။ နောက်ပိုင်း Smart Card မလုပ်ရသေးသူတွေက ဘာလဲဆိုတာ ကွဲကွဲပြားပြား ခွဲထုတ်လို့ရတော့ ဘယ်လိုတင်းကြပ်လာမယ်ဆိုတာ ကြိုမသိနိုင်ဘူး “ ဟု စစ်ဘက်သတင်းအရင်းအမြစ် အချို့မှ အသိပေးသည်။

#KMY_INFO #KISC
👍6
May 25, 2024 1.6K 2