‌အောင်မြင့်မြတ်😁: post #33546 — TG.ME

အာရှစီးပွားရေးနဲ့ မြန်မာ့ကမ်းရိုးတန်း
*********

(၂၅-၂-၂၀၂၅)

နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးလို့ ဆိုလိုက်ရင် အဲ့ဒီနိုင်ငံက ဘာတွေထုတ်နိုင်တယ်၊ ဘယ်လို သဘာဝအရင်းအမြစ်တွေရှိတယ်ဆိုတာကို အရင်ဆုံးပြေးမြင်ကြတယ်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံဟာ ဘာတွေဘယ်လောက်ပဲထုတ်နိုင်နေပါစေ၊ သဘာဝသယံဇာတတွေ ဘယ်လောက်ပဲ ပေါကြွယ်ဝနေပါစေ၊ အခြားနိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်ရေးမလုပ်နိုင်ဘူးဆိုရင် စီးပွားရေးကောင်းတယ်လို့ မဆိုလိုနိုင်ပါဘူး။ ကူးသန်းရောင်းဝယ်ရေးဟာ ကမ္ဘာ့စီးပွားရေးရဲ့အသက်ပဲ။
-
သယံဇာတပေါကြွယ်ဝပါတယ်ဆိုတဲ့ မြန်မာနိုင်ငံနဲ့ သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံကိုပဲ နှိုင်းယှဉ်ကြည့်ရင်သိနိုင်ပါတယ်။

စင်ကာပူ ဘာလို့ချမ်းသာလဲ?
-
စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံကြားမှာရှိနေတဲ့ မလက္ကာရေလက်ကြားအပေါ် ရာနှုန်းပြည့် မှီခိုနေပါတယ်။ မလက္ကာရေလက်ကြားဆိုတာ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အရှေ့အာရှကို ချိတ်ဆက်ကုန်သွယ်ပေးနေတဲ့ တစ်ခုတည်းသော ရေလက်ကြား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့အတွက် လောင်စာဆီ၊ စက်မှုကုန်ကြမ်းပစ္စည်းနဲ့ အီလက်ထရောနစ်ပစ္စည်း ကုန်သွယ်မှုတွေအတွက် ၈၀ ရာခိုင်နှုန်းနဲ့အထက် အရေးပါတဲ့ လမ်းကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်းအထိ ကုန်စီးဆင်းမှုပြုလုပ်ပေးနေတဲ့ ဗျူဟာမြောက် တည်နေရာတစ်ခု။
-
ဒီတည်နေရာကို အခြေပြုပြီး ဆိပ်ကမ်းတွေ၊ သင်္ဘောလောင်စာဆီဖြည့်တဲ့နေရာတွေ၊ ကုန်သွယ်ရေး ဝန်ဆောင်မှုတွေကြောင့် စင်ကာပူဟာ ချမ်းသာနေတာဖြစ်ပါတယ်။
-
တကယ်တော့ တရုတ်အနေနဲ့ သူ့ရဲ့ ကုန်သွယ်ရေးမှာ ဒီမလက္ကာရေလက်ကြားတစ်ခုတည်းပဲ အားကိုးနေရတာကို သိပ်တော့ ကြိုက်ဟန်မတူပါဘူး။ အမေရိကန်ရေတပ်လွှမ်းမိုးမှုရှိနေတဲ့ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဂျပန် တွေနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ မလက္ကာရေလက်ကြားကိုသာ ပိတ်ဆို့လိုက်ရင် တရုတ်နိုင်ငံအတွက် စီးပွားရေး/ စစ်ရေး နဲ့ လူမှုရေးဘဝတွေအထိ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ တရုတ်နိုင်ငံအတွက် လိုအပ်တဲ့ လောင်စာဆီ ၈၀ ရာခိုင်နှုန်းကို အာဖရိကနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းက ဝယ်ယူပြီး မလက္ကာရေလက်ကြားကနေ သယ်ယူနေရတာမို့လို့ပါ။
-
၂၁ ရာစု ပိုးလမ်းမစီမံကိန်း (BRI) ဆိုတာကို တရုတ်က အကြောင်းမဲ့ ဖန်တီးချင်တာမဟုတ်ပါဘူး။ သူ့ရဲ့စီးပွားရေးလမ်းကြောင်းတွေကို ပိတ်ဆို့မှုရှိလာတဲ့အခါ ဂယ်ပေါက်တွေ ရှိနေစေချင်တာပါ။ ထို့အတွက် BRI ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ်မြန်မာ စီးပွားရေးလမ်းမ (CMEC) စီမံကိန်းမှာ မြန်မာ့ရေနက်ဆိပ်ကမ်းတွေကို စိတ်ဝင်တစားဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံထားခဲ့တာဖြစ်ပါတယ်။
ဒီလိုပါပဲ။ မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားတဲ့ မြန်မာ့ ကမ်းရိုးတန်းတွေကို စိတ်ဝင်စားတာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။
-
အရှေ့အာရှ/ အရှေ့တောင်အာရှ နဲ့ စီးပွားကူးသန်းဖို့ အိန္ဒိယကလည်း စိတ်ဝင်တစားရှိပြီး ကုလားတန်စီမံကိန်းဆိုတာကို စစ်တွေဘက်မှာ အကောင်အထည်ဖော်နေတယ်။
-
အခုဆို ရုရှားကလည်း လက်ဦးမှုဝင်ယူတာလား မပြောတတ်ပေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းအပါ လုပ်ငန်း ၉ ခု လက်မှတ်ထိုးတယ်ဆိုတော့ ဒီစီမံကိန်းတွေဟာ ပေါ့သေးသေး မဟုတ်ဘူးလို့ နားလည်လို့ရပါတယ်။ (ရုရှားကတော့ စီးပွားရေးဆိုတာထက် စစ်ရေးအရ စိတ်ဝင်စားတာလို့ ထင်ပါတယ်)
-
ဒီအခင်းအကျင်းတွေကို ကိုယ့်နိုင်ငံထက် နားလည်နေတာက ကိုယ်တွေရဲ့ အရှေ့တောင် အာရှ နိုင်ငံတွေပါပဲ။ အထူးသဖြင့် မလက္ကာရေလက်ကြားကြောင့် အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ အင်ဒို/မလေး နဲ့ စင်္ကာပူ တို့ပေါ့။ မြန်မာ့ရေနက်ဆိပ်ကမ်းတွေသာ အသက်ဝင်လာခဲ့ရင် မလက္ကာရေလက်ကြားရဲ့ ကုန်သွယ်မှု ရာခိုင်နှုန်းဟာ ထက်ဝက်ကျော်ကျော်လောက် ကျဆင်းသွားဖို့ရှိနေပါတယ်။
-
မြန်မာဟာ တရုတ်တို့ အမေရိကန်တို့ ရုရှားတို့ အိန္ဒိယတို့နဲ့ ယှဉ်ပြီးပြောစရာ အကြောင်း မရှိပေမယ့် အာရှနိုင်ငံတွေနဲ့တော့ ယှဉ်ပြီးရိုက်လို့ရတာ နိုင်ငံတိုင်းသိကြပါတယ်။ စင်္ကာပူတိုးတက်တယ်၊ ဗီယက်နမ် တိုးတက်တယ်၊ ထိုင်းတိုးတက်တယ်လို့ အထင်ကြီးအားကျနေမယ့်အစား မြန်မာဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားရင် အဲ့ဒီနိုင်ငံတွေ နေခဲ့တော့လို့ပြောလို့ရတဲ့အခြေအနေမျိုးရှိပါတယ်။
-
နိုင်ငံရေးသာကောင်းပြီး ရေနက်ဆိပ်ကမ်းတွေသာ ဖြစ်လာကြည့်၊ ထိုင်းရဲ့ သုဝဏ္ဏဘူမိဆိုတဲ့ လေဆိပ်ကြီးလည်း အခွံသာသာဖြစ်သွားလိမ့်မယ်။ စင်္ကာပူရဲ့ ဆိပ်ကမ်းတွေလည်း ကျီးနှင့်ဖုတ်ဖုတ် ဖြစ်သွားလိမ့်မယ်။ ဒါဟာ စိတ်ကူးယဉ်နေတာမဟုတ်ဘူး။ ဖြစ်နိုင်ချေအများကြီးရှိနေတဲ့ အကြောင်းတရားတွေပါ။ ဖြစ်လာ/မဖြစ်လာကတော့ ကိုယ့်လူမျိုးတွေရဲ့ Mindset အပေါ်မှာပဲ မူတည်နေပါတယ်။

(ပိုင်စိုး)

တယ်လီဂရမ် တွင်ဖတ်ရန်
https://t.me/paing_soe21

FB တွင်ဖတ်ရန်
https://www.facebook.com/share/p/18nu8XHu8x/
Telegram
ပိုင်စိုး
နိုင်ငံရေး၊စစ်ရေး သုံးသပ်ချက်များ
February 25, 2025 448
အာရှစီးပွားရေးနဲ့ မြန်မာ့ကမ်းရိုးတန်း ********* (၂၅-၂-၂၀၂၅)… — ‌အောင်မြင့်မြတ်😁 — TG.ME