Shambhala 𓅓: post #4670 — TG.ME

ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း

လောကအလယ်၊ ဗဟိုဝယ်၌
ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက်
သက်ရှင်ကာလ၊ ဘဝတစ်ပါး
‌ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ
အနိုင်အရှုံး၊ အမုန်းအချစ်
အဖြစ်အပျက်၊ အတက်အဆင်း
ထိုအချင်း၌၊ အလင်းမဲ့ကား
နောင်တများကို၊ ကြောင်းကြားပြကာ
ဤသို့သာလျှင် ပို၍တည်း။

မိမိကိုယ်ကိုယ်၊ ‌တော်တတ်ဆို၍
မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု
မြင့်ပယ်ထားကာ၊ အမှားအမှန်
ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့်
ထိုသို့ခံယူ၊ လူများကြားတွင်
ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ
ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး
နည်းတူသကဲ့၊ အကြောင်းမဲ့ရာ
ဤပုံသာလျှင် ဆို၍တည်း။

ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို
အိုးအိမ်ပြောင်ဝင်း၊ ‌ဗိုက်ဖြိုးတင်းလို့
အဆင်းလှပ၊ ခံစားရချိန်
နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား
ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ
စားဝတ်နေရေး၊ ဒုက္ခဘေးတို့
‌မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ
စာနာစိတ်က၊ ကြောင်းပြသည်သာ
ဤဖြစ်ပျက်လျှင် လို၍တည်း။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
August 11, 2026 97