RNC သတင်း၊ နည်းပညာ ၊ရသစုံ: post #25287 — TG.ME

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၁၃၈၈ ခုနှစ် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနားနှင့် ပန်းစေတီလှည့်လည်ပူဇော်ပွဲ စည်ကားစွာ ကျင်းပ

PN
ရန်ကုန်၊ ဩဂုတ် ၂၈

ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၈ ခုနှစ် ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ မေတ္တာအခါတော်နေ့ အခမ်းအနားများနှင့် ပန်းစေတီ လှည့်လည်ပူဇော်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

နံနက် ၅ နာရီခွဲမှစတင်၍ ရွှေတိဂုံစေတီတော် ရင်ပြင်၌ အာရုဏ်ဆွမ်းတော် ဆက်ကပ်ပူဇော်ခြင်း၊ အသံမစဲ မေတ္တာပို့ အောင်ပွဲပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးပြည်သူများက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးများ ကပ်လှူပူဇော်ခဲ့ကြသည်။

ထို့ပြင် ပန်းပေါင်း ၈၄,၀၀၀ ဖြင့် ဆင်ယင်ထားသည့် ပန်းစေတီများကို ရင်ပြင်တစ်ပတ် ပင့်ဆောင်လှည့်လည်ကာ အာရုံခံမုခ်ဦးများရှိ ဘုရားရှင် ရုပ်ပွားတော်များနှင့် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်ချ အမျှဝေခဲ့ကြသည်။

ယနေ့ မေတ္တာအခါတော်နေ့တွင် ရန်ကုန်မြို့ခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများသည် ရွှေတိဂုံစေတီတော်ပေါ်သို့ လာရောက်ကာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အသံမစဲ မေတ္တာပို့သခြင်းနှင့် ကုသိုလ်ကောင်းမှုပြုခြင်းတို့ဖြင့် သဒ္ဓါကြည်ဖြူစွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။