အိမ်ခြံမြေ လက်ကြီးဝယ်ရောင်းသမားများအား အခွန်ရှောင်မှုဖြင့် စစ်ဆေးနေ
၊ ဩဂုတ် ၂၇၊ ၂၀၂၆
ရန်ကုန်နှင့် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်နေသူ လက်ကြီးသမားတချို့ကို အခွန်ရှောင် တိမ်းမှု ရှိမရှိ အကြောင်းပြချက်ဖြင့် ယခုရက်ပိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ခေါ်ယူ စစ်ဆေးမှုနေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ဝယ်သူမှ အခွန်ဆောင်သော်လည်း ရောင်းသူမှ အခွန်တိမ်းရှောင်မှုကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက ပြောသည်။
“အခုအစစ်ခံရတာ ဝယ်/ရောင်းသမားတွေများတယ်။ အိမ်ခြံမြေဈေးကွက်ကလည်း အာဏာထိမ်းပြီးကတည်းက အမှန် အကန်ဝယ်မယ့်သူထက် ငွေရင်းပြီး စီးပွားရေးဝင်လုပ်သူများတယ်၊ ဥပမာ မြောက်ဒဂုံမှာ ပေ ၄၀x ၆၀ လောက်ဝယ်ထား မယ်၊ တလကြာရင် ကျပ်သိန်းတထောင်လောက် တင်ပြီးပြန်ရောင်းမယ်။ ဒီလိုလူတွေပဲ ဖြစ်တယ်။ ဘယ်နှစ်ယောက် လောက် ခေါ်စစ်ဆေးခံနေရတယ်တော့ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၌ မှတ်တမ်းတင်ထားသည့် ဝယ်သူ၊ ရောင်းသူ အမည်ပေါက် အမှုတွဲများအလိုက် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။
ထို့ပြင် ရန်ကုန်မြို့ရှိ မြေကွက်တချို့ကို အမှန်တကယ်နေဖို့မဟုတ်ဘဲ အရောင်းအဝယ်လုပ်ရန် ကျပ်သိန်း ထောင်သောင်းချီ ရင်းနှီးဝယ်ယူထားခြင်းများရှိသဖြင့် ထိုအခြေအနေများကိုပါ စစ်ဆေးလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။
အိမ်ခြံမြေ အဆောက်အအုံ၊ တိုက်ခန်းများ ဝယ်ယူရောင်းချရာ၌ ဝယ်သူက အမည်ပြောင်းလျှင် ဝင်ငွေခွန်စည်းကြပ် ပြီးစီးကြောင်း အထောက်အထားများ တင်ပြရသလို ရောင်းသူဘက်မှ အခွန်မဆောင်ပါက ဝယ်သူအမည်ပေါက် ပြောင်း မရကြောင်း၊ ရောင်းသူဝယ်သူ နှစ်ဖက်လုံးအခွန်ကင်းရှင်းကြောင်း တင်ပြနိုင်မှသာ အမည်ပေါက် မှတ်ပုံတင်ပေးမည့် လုပ်ငန်းစဉ်ကို လာမည့် စက်တင်ဘာ ၁ရက်က စ၍ လုပ်ဆောင်သွားမည်ဟု ပြည်တွင်းအခွန်များဦးစီး ဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
ယင်းအခြေအနေကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် ကျဆင်းနိုင်ပြီး အကျိုးဆောင်များနှင့် ဝယ်ရောင်း သမားများအပေါ်လည်း သက်ရောက်မှုရှိလာနိုင်ကြောင်း ရန်ကုန်မြို့ရှိ နောက်ထပ်အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။
“အိမ်ခြံမြေဈေးကွက်က အေးနေတာတော့ ကြာပြီ အခုရောင်းသူဝယ်သူ နှစ်ဖက်လုံးက အခွန်ဆောင်ရမယ်ဆိုတော့ သိန်းထောင်ချီ သောင်းချီနဲ့ လုပ်တဲ့အပိုင်းတွေကတော့ ငွေကျပ်သွားမှာပေါ့။ ရပ်ကွက်အကျိုးဆောင်တွေ၊ ဝယ်/ရောင်း သမားတွေတော့ အမြတ်နည်းသွားတော့ ထိခိုက်နိုင်တယ်။ ဒါကြောင့် အခုက ဝယ်စရာရှိတာ ဝယ်ရောင်းစရာရှိတာ မြန်မြန်ရောင်း” ဟု ၎င်းက ပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အိမ်ခြံမြေများကို တနှစ်အတွင်း ရောင်းချခြင်း၊ အခြားနည်းလမ်းဖြင့် လွှဲပြောင်းခြင်းလုပ်ပြီး ထိုမှရသည့် အမြတ်အစွန်းက ကျပ်သိန်း ၁၀၀ထက်ပိုပါက ရက် ၃၀အတွင်း သက်ဆိုင်ရာအခွန်ရုံး တွင် ဝင်ငွေကြေညာလွှာတင်သွင်း၍ ကျသင့်အခွန်ပေးဆောင်ရမည်ဖြစ်သည်။
ထို့ပြင်ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ၊ အဆောက်အအုံ ရောင်းဝယ်ဆောက်လုပ်မှုအပေါ် အခွန်စည်းကြပ်ရန် သတ်မှတ် ထားစံနှုန်းများမှာ ယနေ့ခေတ်ပေါက်ဈေးနှင့် များစွာကွာဟနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဩဂုတ် ၄ ရက်က ထုတ်ပြန်ထားသည်။
ထို့အတွက် အိမ်ခြံမြေအရောင်းအဝယ်သမားများသည် အခွန်ဆိုင်ရာစည်းမျဉ်းများကို ထည့်သွင်းတွက်ချက်လာနိုင်ပြီး အရောင်းအဝယ်အေးနေသည့် အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်နိုင်သော်လည်း မြေဈေးနှုန်းမှမူ သိသိသာသာ ပြန်ကျနိုင်ဖွယ်မရှိကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးကွက်ကို စီးပွားရေးသဖွယ်လုပ်ကိုင်လာသူများနှင့် ငွေကြေး ခဝါချမှုအပေါ် ဝေဖန်မှုများရှိသည့် ခရိုနီလုပ်ငန်းရှင်များကပါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်း များ သိသိသာသာ မြင့်တက်လာခဲ့သည်။
လက်ရှိ ရန်ကုန် မြောက်ဒဂုံမြေဈေးမှာ သိသိသာသာ တက်နေပြီး နေရာနှင့် အကျယ်အဝန်းပေါ်မူတည်၍ ကျပ်သိန်း ရာဂဏန်းမှ သိန်းသောင်းချီရှိနေကြောင်း သိရသည်။
အလားတူ နေပြည်တော်တွင်လည်း မြေဂရန်အတုများလုပ်၍ ရောင်းချခြင်းနှင့် အာမခံ ထား ကာ ငွေချေးခြင်း လိမ်လည်မှုတို့ကြောင့် နစ်နာသူအများအပြားရှိနေပြီး စစ်တပ်အရာရှိကြီးအချို့ပင် အလိမ်ခံထားရကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေသည်။
အိမ်ခြံမြေ လုပ်ငန်းရှင်တဦးက "မြေဂရန်အတုထွက်တာမျိုးတွေ ရှိတယ်။ ပြဿာနာ ကြီးကြီးမားမား ရှိလာနိုင်တယ်ဆိုရင် တော့ ခေါ်စစ်တာမျိုးတွေ ရှိလာနိုင်တယ်" ဟု ပြောသည်။
ထိုသို့ အလိမ်ခံရသော်လည်း နစ်နာသူများသည် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ၏ ခေါ်ယူ စစ်ဆေးခြင်းခံရပါက ငွေကြေးရင်းမြစ် စစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ကြိတ်ခံနေရကြောင်းလည်း ဆိုကြသည်။
3