အသင်း စီမံခန့်ခွဲသူ‌တွေနဲ့ ကစားသမားတဦးချင်းစီထံ စာပေးပို့ထားတဲ့အပြင်… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️အသင်း စီမံခန့်ခွဲသူ‌တွေနဲ့ ကစားသမားတဦးချင်းစီထံ စာပေးပို့ထားတဲ့အပြင် လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ်

၈ စက်တင်ဘာ ||| နွေဦးအသံ |||

မြန်မာနိုင်ငံလာမယ့် မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားတွေရဲ့ ဂုဏ်သတင်းနဲ့ ပုံရိပ်ကို အကျပ်အတည်းတွေအတွင်း အကြမ်းဖက်စစ်အုပ်စုက တည်ငြိမ်မှုနဲ့ တရားဝင်မှုရှိသလိုပြဖို့ အသုံးချနိုင်တာကြောင့် ခရီးစဉ်ဖျက်သိပ်မ်းပေးဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

မန်ယူ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ Ryan Giggs ၊ Dimitar Berbatov ၊ Anderson နဲ့ Patrice Evra တို့ ရန်ကုန်သို့ အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်ထိ လာမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မန်ချက်စတာမြို့ရှိ မြန်မာပြည်ဖွားတွေ ဦးဆောင်ပြီး ခရီးစဉ်ဖျက်သိမ်းပေးဖို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုနဲ့အတူ စာပေးပို့တောင်းဆိုထားတာပါ။

စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံမှာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေဟာ နေ့စဉ် အကြမ်းဖက်မှုတွေ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ရင်ဆိုင်နေရတာကြောင်း ထောက်ပြထားပါတယ်။

ဒါကြောင့် ဂန္တဝင်ကစားသမားတွေ စီစဉ်ထားတဲ့ ခရီးစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့အတွက် မန်ယူအသင်း စီမံခန့်ခွဲသူ‌တွေအပြင် ကစားသမားတဦးချင်းစီထံသို့လည်း စာရေးသားပေးပို့ တောင်းဆိုထားတယ်လို့ အသိပေးထားပါတယ်။

လက်မှတ်ရေးထိုးလှုပ်ရှားမှုဟာ ကစားသမားတွေကို မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသနိုင်ဖို့၊ စစ်အုပ်စုရဲ့ ဖိတ်ကြားမှုကို ငြင်းပယ်ပေးပြီး ကစားသမားတွေရဲ့ ဂုဏ်သတင်းနဲ့ ပုံရိပ်ကို စစ်အုပ်စု အသုံးချခြင်းမှ ကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။

မန်ယူကစားသမားတွေရဲ့ ခရီးစဉ်ဖျက်သိမ်းတာဟာ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့ အားကောင်းတဲ့ သတင်းစကားတရပ်ဖြစ်လာမှာဖြစ်သလို မန်ယူအသင်းနဲ့ ပရိသတ်တွေ တန်ဖိုးထားတဲ့ အခြေခံမူတွေကိုလည်း ထင်ဟတ်စေမှာဖြစ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍24❤4
September 8, 2026 552