စစ်အာဏာသိမ်းပြီးနောက် ဆင်းရဲနွမ်းပါးမှု ၅၀ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပ… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️စစ်အာဏာသိမ်းပြီးနောက် ဆင်းရဲနွမ်းပါးမှု ၅၀ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး လူဦးရေ ၃ ပုံ ၁ ပုံ အစာရေစာမပြည့်ဝမှုရင်ဆိုင်နေရ

🔹ကလေးသူငယ် ၁ သန်းကျော် အရေးကြီးကာကွယ်ဆေးထိုးနှံမှုနဲ့ ကင်းကွာနေပြီး ၆ သန်းခွဲခန့် ကျောင်းမတက်နိုင်

၂၈ ဩဂုတ် | နွေဦးအသံ |

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ် အာဏာလုယူခဲ့ပြီးနောက် ဆင်းရဲနွမ်းပါးမှု ၅၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့ပြီး လူဦးရေ ၃ ပုံ ၁ ပုံက လွန်စွာဆိုးရွားတဲ့ အစာရေစာမပြည့်ဝမှု ရင်ဆိုင်နေရသလို ကျောင်းနေအရွယ်ကလေး/လူငယ် ၆ သန်းခွဲခန့် ကျောင်းမတက်နိုင်ဘူးလို့ သိရပါတယ်။

"တရားမဝင်စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အရင်က ကျားကုတ်ကျားခဲ ကြိုးပမ်းရရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုတွေဟာ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်၊ စစ်အုပ်စုရဲ့ မတရားစစ်အာဏာသိမ်းမှု စတင်ချိန်ကစလို့ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာခဲ့ပါတယ်"

- လို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့ 'စီးပွားရေးနဲ့ လူမှုရေးကောင်စီရဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ အဆင့်မြင့်နိုင်ငံရေးဆိုင်ရာဖိုရမ် (၂၀၂၆ ခုနှစ်)' ရဲ့ ဝန်ကြီးများအဆင့် ဆွေးနွေးမှု၊ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။

နိုင်ငံရဲ့ လူဦးရေ ၃ ပုံ ၁ ပုံဟာလည်း အလွန်အမင်းဆိုးရွားတဲ့ အစာရေစာ မပြည့်ဝမှုကို ရင်ဆိုင်နေရပြီး အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းကျော်ဟာ သောက်သုံးရေသန့် မရရှိကြဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကလေးသူငယ် ၁ သန်းကျော်ဟာ သူတို့အတွက် အရေးကြီးတဲ့ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်တွေနဲ့ ကင်းကွာနေကြရသလို ကျောင်းနေအရွယ်ကလေးနဲ့ လူငယ်လူရွယ် ၆.၃ သန်းကျော်ဟာလည်း ကျောင်းတက်ရောက် ပညာသင်ကြားနိုင်ခြင်း မရှိကြကြောင်း အသိပေးခဲ့ပါတယ်။

စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူ (၈,၁၀၀) ကျော် သေဆုံးခဲ့ရတဲ့အပြင် ပြည်သူ ၃.၇ သန်းကျော်ဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာနေရပြီး စစ်တပ်ရဲ့ အဓမ္မတပ်သားစုဆောင်းမှုနဲ့ မလုံခြုံမှုတွေကြောင့် လူငယ်လူရွယ် ၅ သိန်းခန့်ဟာလည်း ပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု၊ မတည်ငြိမ်မှုနဲ့ တိုးတက်မှု ကျဆင်းခြင်းတွေရဲ့ အဓိကတရားခံဟာ အမည်နာမ / ဖွဲ့စည်းပုံတွေ မျိုးစုံပြောင်းလဲပြင်ဆင် ခေါ်ဝေါ်သုံးစွဲနေတဲ့ စစ်အုပ်စုသာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အသိပေး‌ထောက်ပြခဲ့တာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
😢38❤4👍1
August 28, 2026 1.5K