မိုးဗြဲတိုက်ပွဲ ၃ လအတွင်း စစ်တပ်စခန်းတခုသိမ်းပိုက်ခဲ့ပြီး စကစ ၂၀… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️မိုးဗြဲတိုက်ပွဲ ၃ လအတွင်း စစ်တပ်စခန်းတခုသိမ်းပိုက်ခဲ့ပြီး စကစ ၂၀ ‌ကျော်သေဆုံးထိခိုက်ဟု PDF ပြော

🔹အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိတဲ့အပြင် ဒရုန်း ၃ စီး ဖျက်ဆီးနိုင်ခဲ့ဟုဆို

၂၈ ဩဂုတ် ||| နွေဦးအသံ |||

မိုးဗြဲမြို့အနီး အကြမ်းဖက်စစ်တပ်ကို မိုးဗြဲ PDF နဲ့ ပူးပေါင်းတပ်တွေက ၃ လတာအတွင်း တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ ကာကင်းစခန်းတခုကို သိမ်းပိုက်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်းသေဆုံးထိခိုက်ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မိုးဗြဲအခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၂၂ ကာကင်းမှ ထွက်လာတဲ့ စစ်ကြောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လမှ ဩဂုတ်လအတွင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MB PDF က တိုက်ပွဲမှတ်တမ်းအချို့နဲ့အတူ ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ထားတာပါ။

မိုးဗြဲမြို့အနီးရှိ စစ်တပ်ရဲ့ ကာကင်းစခန်းတခုကို တော်လှန်ရေးအင်အားစုတွေက ဇွန် ၂၉ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး အလောင်း ၁ လောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိတဲ့အပြင် ၁ ဦးအရှင်မိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းခံရတဲ့အတွက် အထိနာသွားတဲ့ စစ်တပ်က ဇူလိုင် ၇ ရက်နဲ့ ၈ ရက်တို့မှာ လွယ်ယင်းတောင်ခြေအနီး ကာကင်းယူ ထိုးစစ်ဆင်ဖို့ ထပ်မံရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးထက်နည်း ထိခိုက်သေဆုံးပြီး အလောင်း ၂ လောင်း မျက်မြင်တွေ့သော်လည်း လက်နက်ခဲယမ်းများ မရခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီနောက် စစ်တပ်က ဩဂုတ် ၂၆ ရက်မှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် ဩဂုတ် ၂၇ ရက်၊ မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့အတွက် ထပ်မံတိုက်ခိုက်ခဲ့တဲ့အပြင် ညနေပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထိနာခဲ့တာကြောင့် အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းက ဩဂုတ် ၂၈ ရက်၊ မနက်ပိုင်းမှာ လွယ်ယင်းတောင်ခြေသို့ ထပ်မံချဉ်းကပ်ပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နဲ့ လွိုင်လင်လေး အခြေစိုက်တပ်တွေက တရက်အတွင်း ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမ လက်နက်ကြီး အလုံး ၈၀ ထက်မနည်း ပစ်ခတ်ခဲ့တာ‌ကြောင့် ရဲဘော်အချို့ အသေးစားဒဏ်ရာများရခဲ့တယ်လို့ အသိပေးထားပါတယ်။

အဆိုပါ ၃ လတာအတွင်း စစ်တပ်ရဲ့ ဒရုန်း ၃ စီးကို တော်လှန်ရေးအင်အားစုတွေက ဟန့်တားဖျက်ဆီးနိုင်ခဲ့ပြီး ၂ စီးမှာ ပျက်စီးသွားခဲ့သော်လည်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရှေ့ဆက်ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်သလို စစ်တပ်ဘက်မှ လက်နက်ကြီး၊ ဒရုန်းတွေ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကန့်သတ်ပိတ်ပင်ထားတဲ့ လမ်းကြောင်းတွေအားလုံးကို ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ကြဖို့ကိုလည်း မိုးဗြဲ PDF က အသိပေးနှိုးဆော်ထားတာ တွေ့ရပါတယ်။

Video | MBPDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤31👍11👏3
August 28, 2026 1.5K 1