◼️မင်းလှမှာ စစ်တပ်စစ်ကြောင်းတွေကို တပတ်တာတိုက်ခိုက်မှု စကစ ၂၀ ဦးထက်မနည်းသေဆုံး
၂၈ ဩဂုတ် ||| နွေဦးအသံ |||
မကွေးဒေသ၊ မင်းလှမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေကို ဗမာပြည်ကာကွယ်ရေးတပ် USBA က ဩဂုတ် ၂၀ ရက်မှ ၂၆ ရက်ထိ တိုက်ခိုက်ခဲ့ပြီး တပတ်တာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မင်းတုန်းမှ မင်းလှမြို့နယ် ရှမ်းတပ်ရဲစခန်းဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ တပတ်တာ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပထမဆုံးထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာမှာ စစ်တပ်ဘက်မှ ၂၀ ဦး ကျော်သေဆုံးခဲ့တယ်လို့ USBA က ဩဂုတ် ၂၆ ရက်၊ ညပိုင်းမှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းထံမှ ကား ၁ စီး၊ မီးစက် ၁ လုံးနဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် ဆေးရုံရောက်သွားခဲ့ပြီး စစ်ကြောင်းပျက်သွားတာကြောင့် ဩဂုတ် ၂၃ ရက်၊ ညပိုင်းမှာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းမျိုးစုံနဲ့ ကာပစ်ပေးပြီးနောက် ကျောက်တိုင်အထိုင်စခန်းထိ နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် မင်းတုန်းဘက်မှ အင်အား ၂၀၀ ခန့် ထပ်မံဖြည့်တင်းပြီး ဩဂုတ် ၂၄ ရက်မှာ ထပ်မံစစ်ကြောင်းထိုးလာခဲ့သော်လည်း ကျောက်တိုင်အထိုင်စခန်းမှ ၈ မိုင်အကွာရှိ ရှမ်းတပ်စခန်းသို့ ၃ ရက်အကြာ ဩဂုတ် ၂၆ ရက်၊ ညနေပိုင်းမှ ၀င်ရောက်သွားခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်တပ်ဘက်မှ စစ်ကြောင်း ရှေ့တိုးတာ၊ နောက်ဆုတ်တာတွေ ရှိလာနိုင်သေးသဖြင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံစေဖို့ လိုအပ်တာတွေကို ပြင်ဆင်ထားကြဖို့ကိုလည်း ဗမာပြည်ကာကွယ်ရေးတပ် USBA က အသိပေးနှိုးဆော်ထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
36
8
3
2August 28, 2026 1.7K 2