နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သူ တရားခံအမျိုးသားနှစ်ဦးအား သက်သေခံဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၈
နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကာ နေ့/ညလှည့်ကင်းနှင့် ရပ်ကင်း/ဝပ်ကင်းများဆောင်ရွက်ခြင်း၊ ပြစ်မှုနှင့်သင်္ကာမကင်းသူများအား စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် စက်ရုံကျေးရွာနေ မထက်ထက်ဖြိုး(၂၈)နှစ်သည် ဈေးကုန်းကျေးရွာရှိ ဆင်သေဈေးသို့ ၎င်းပိုင် ၄၆ယ/၇၃၄၈၂ Honda Wave - 100 ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ဆိုင်ကယ်အား ဈေးအနီးရပ်တန့်၍ ဈေးဝယ်သွားခဲ့ပြီးပြန်လာစဉ် ဆိုင်ကယ်ပျောက်ဆုံးခဲ့ကြောင်း သတင်းအရ ဆိုင်ကယ်ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ပျဉ်းမနားမြို့မရဲစခန်း၌ (ပ) ၁၄၅/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (မော်တော်ဆိုင်ကယ်) ဖြင့် အမှုရေးဖွင့်စုံစမ်းခဲ့သည်။
တရားခံ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်းသတင်း ရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ဆိုင်ကယ်ခိုးယူသူ ပျဉ်းမနားမြို့နယ် ညောင်ပင်သာကျေးရွာနေ လမင်းဇော်(၂၂)နှစ်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း(ခ)ရဲထွန်း (၂၆) နှစ်တို့ နှစ်ဦးကို ၎င်းတို့၏နေအိမ်များ၌ ဖမ်းဆီးရမိပြီး အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ မရှိစစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် ၂၀၂၆ ခုနှစ် မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း၌ ပျဉ်းမနားမြို့နယ်မှ ဆိုင်ကယ် ၁၃ စီး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ ဆိုင်ကယ်ခြောက်စီး စုစုပေါင်း ဆိုင်ကယ် ၁၉ စီးတို့အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး သက်သေခံဆိုင်ကယ် ၁၉ စီးကို သိမ်းဆည်းနိုင်ခဲ့သည်။
ဖြစ်စဉ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်များလိုက်လံခိုးယူသူ တရားခံလမင်းဇော်နှင့် ဇင်ရဲထွန်း (ခ)ရဲထွန်းတို့ နှစ်ဦးအား ခိုးမှုကျူးလွန်ရာမှရရှိသည့် သက်သေခံဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုးမှု ကျူးလွန်ခဲ့သည့် သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီး၌ အမှုပေါင်း ၁၆ မှုဖြင့် အမှုရေးဖွင့်ထားရှိပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
TruthZoneOnline

25
7
1September 9, 2026 1K 3