ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ စက်တင်ဘာ ၁ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေပြား အလှူရှင် ၃၆ ဦးက ရွှေသင်္ကန်းတော် ခြောက်ကျပ်သားရွှေပြားတစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၅ ချပ် စုစုပေါင်းရွှေစင်ရွှေပြား ၅၆ ချပ်နှင့် ငွေသားအလှူရှင် ၁၇၇ ဦးတို့က အလှူငွေ ၂၃၃၀၀၇၅၇၈၈ ကျပ် တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က (၆၀၂) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက်ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။ ဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိဦးကျော်ဇေယျနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူ၍ ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူခဲ့ကြကြောင်းသိရသည်။ TruthZoneOnline
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME
September 2, 2026 877 1