SSPP ဒေသ၌ တရုတ်ကုမ္ပဏီ ကျောက်မီးသွေးတူးဖော်မှု ရွာ ၁၀ ရွာ အခက်ကြုံ
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၆
ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒေသ ကျောက်မဲမြို့နယ် နောင်သျှင်ရွာအုပ်စု တာလုံကျေးရွာအတွင်း တရုတ်ကုမ္ပဏီ ကျောက်မီးသွေးတူးဖော်ထုတ်ယူမှုကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်က ရွာ ၁၀ ကျော် လူမှုဘ၀အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
တာလုံရွာသည် ကျောက်မဲမြို့အရှ့ဘက် မိုင် (၂၀) ကျော်အကွာ၌ရှိပြီး SSPP/SSA ထိန်းချုပ်ထားသော်လည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် နီးစပ်သည့် တရုတ်ကုမ္ပဏီတခုအား ၂၀၂၄ ခုနှစ်ကစ၍ လက်ရှိအချိန်ထိ ၀င်ရောက် တူးဖော်ထုတ်ယူခွင့်ပြုထားသည်။
ထို ကျောက်မီးသွေးများကို ယာဉ်ကြီးများဖြင့် သယ်ယူနေသဖြင့် ပုံဝိုးတိုက်နယ်ရှိ ကျေးရွာအုပ်စု ၉ စုတွင် ရွာချင်းဆက် လမ်းတံတားများ ပျက်စီးခြင်း၊ ဖုန်မှုန့်နှင့် ဆူညံသံများကြောင့် စားသောက်နေထိုင်ရ ခက်ခဲခြင်း၊ စိုက်ပျိုးရေး ထိခိုက်ခြင်းနှင့် ကလေးငယ်များ အသက်ရှူ မဝခြင်း စသည့် ဆိုးကျိုးများ ခံစားနေရသည်။
စီမံကိန်းအကြောင်း သိရှိသူအမျိုးသားတဦးက "ကျောက်မီးသွေးတင်တဲ့ ကားတွေဖြတ်သွားတဲ့လမ်းတွေမှာဆို ကလေးနဲ့ သက်ကြီးရွယ်အိုတွေ မနေနိုင်လို့ နေရာရွှေ့နေရတယ်။ မီးသွေးအမှုန့်တွေရော ဖုန်အမှုန့်တွေရောကြောင့် ရွာမှာ အခက်အခဲ တော်တော် ဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း ရွာခံတွေက သက်ဆိုင်ရာကို မပြောရဲကြဘူး။ SSPP အနေနဲ့ ရွာခံတွေရဲ့ အခက်ခဲတွေကို ပြန်လည် သုံးသပ်ပြီး လိုအပ်တဲ့အကူညီတွေ ပေးသင့်တယ်" ဟု ဧရာ၀တီကို ပြောသည်။
ကျောက်မီးသွေးထွက်ရှိရာ တာလုံကျေးရွာပိုင်တောတောင်များနှင့် အနီးတဝိုက်သို့ SSPP/SSAမှ လုံခြုံရေးယူကာ ဝင်ရောက်သွားလာခွင့် ကန့်သတ် ပိတ်ပင်ထားသောကြောင့် ဒေသခံများမှာ အမဲလိုက်ခြင်း၊ မှိုရှာခြင်းနှင့် မျှစ်ချိုးခြင်းတို့ မပြုလုပ်ရတော့ကြောင်း ၎င်းက ဆက်ပြောသည်။
တာလုံမှထွက်သည့် ကျောက်မီးသွေးများအား နောင်ချိုမြို့ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ လောက်ဖန်းကျေးရွာအနီးရှိ သရဖူဘိလပ်မြေစက်ရုံသို့ ပို့ဆောင်ပြီး ကျောက်မီးသွေးမှ ဘိလပ်မြေအဖြစ် ပြန်လည်ထုတ်လုပ် ရောင်းချနေကြောင်း သိရသည်။
ကျောက်မီးသွေး သယ်ယူပို့ဆောင်မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာအတွင်း လမ်းပိုင်းများ၊ ကျေးရွာအချင်းချင်း ချိတ်ဆက်ထားသည့် လမ်းပိုင်းများအား ပြန်လည်ပြုပြင်ပေးရန် ကျေးရွာ (၁၀) ကျော်ရှိ ဒေသခံ စုစုပေါင်း ၅၀ ဦးခန့်မှ ပုံဝိုးတိုက် နယ်တွင်တွေ့ဆုံမှုပြုလုပ်ကာ SSPP/ SSAထံ တောင်းဆိုမှု နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ တစုံတရာ ပြုပြင်ပေးခြင်း မရှိသေးပေ။
ဒေသခံများမှ လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် SSPP/SSA ထံ လမ်းပိုင်းဆိုင်ရာပြုပြင်ရေး၊ တင်ဆောင်လာသည့် ကျောက်မီးသွေးများ လုံခြုံစွာ မိုးကာဖုံးအုပ်ရေးနှင့် ထွက်ရှိလာသည့် ကျောက်မီးသွေးအမှုန့်၏ ဘေးထွက်ဆိုးကျိုးများအား တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုနေပြီး ထိုအခြေနေအား လျစ်လျှူရှုထားပါက နှစ်အနည်းငယ်တွင် ဒေသခံများ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် စိုက်ပျိုးမြေပျက်စီးမှုများ ကြုံရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ရှမ်းမြောက်တွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ လုပ်ဆောင်နေသည့် သတ္တုလုပ်ကွက် ၃၁ ခုထက်မနည်း ရှိနေပြီး ယင်းကွင်းဆက်တလျောက်ရှိ ဒေသခံများမှာ မြေယာဆုံးရှုံးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဆက်တိုက်ရင်ဆိုင်နေရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) ၏ အစီရင်ခံစာအရ သိရသည်။
ပုံစာ- ရှမ်းမြောက်၌ ကျောက်မီးသွေးတင်ဆောင်နေကြသည့် ယာဉ်များ
#WhatsHappeningInMyanmar
#RejectMilitaryCoup
24
14
5
1October 29, 2026 3.3K 3