မြန်မာ့အရေး အချိန်မနှောင်းမီ အရေးယူရန် ကုလအထူးသံတမန် တိုက်တွန်း
ဧရာဝတီ၊ အောက်တိုဘာ၂၈၊ ၂၀၂၆
မြန်မာနိုင်ငံ၏ အကျပ်အတည်းများဖြေရှင်း၍မရနိုင်သည့်အခြေအနေသို့ မရောက်မီ ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မလား ဟု အောက်တိုဘာ၂၇ ရက်က ပြုလုပ်သောကုလသမဂ္ဂအထွေထွေ ညီလာခံ ၈၁ ကြိမ်မြောက်အစည်းအဝေး၊ တတိယကော်မတီတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ က အစီရင်ခံစာတင်ပြရာ၌ ထည့်သွင်း ပြောကြားသည်။
အာဏာသိမ်းအစိုးရသည် လေကြောင်းတိုက်ခိုက်မှုများကို အကြမ်းဖက်အုပ်စု (တော်လှန်ရေးအင်အားစု) များကို ပစ်မှတ်ထားသည်ဟု ပြောဆိုနေသော်လည်း တော်လှန်ရေးအင်အားစုများကမူ အမျိုးသမီးများ၊ ကလေးသူငယ်များအပါ အရပ်သားများကို ပစ်မှတ်ထားနေခြင်းဟု ဆိုကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသည်။
ဂျူလီ ဘစ်ရှော့အနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သလို တိုင်းတာနိုင်သော စံနှုန်းများထားရှိရန်၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို လွှတ်ပေးရန်အတွက်လည်း ထည့်သွင်း တောင်းဆိုခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နှင့် အခြားနေရာများသို့ ဘေးကင်းလုံခြုံမှုရှာဖွေရန် ထွက်ပြေးခဲ့ ကြရကြောင်း၊ အာဏာသိမ်းအစိုးရ အတည်ပြုထားသည့်စာရင်းအရ ရိုဟင်ဂျာ ၃၂၆၀၀၀ ခန့်ကို ပြန်လည်လက်ခံရန် ကတိပြုထားကြောင်း ပြောဆိုသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၁ ဒသမ ၃ သန်းကို လက်ခံထားရကြောင်း အစီရင်ခံထားသည်ဟု ဂျူလီဘစ်ရှော့က ဆိုသည်။
အလားတူ အာရက္ခတပ်တော် (AA) က မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားပြီး ယင်းမြို့နယ်များတွင် လက်နက်ကိုင်ပဋိပက္ခ၊ မိုင်းအန္တရာယ်နှင့် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများကို ရင်ဆိုင်နေရကြောင်း၊ ဘေးကင်း လုံခြုံမှု၊ လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနှင့် ရေရှည်တည်တံ့မှုရှိသော နေရပ်ပြန်ရေး ပတ်ဝန်းကျင်ကောင်းများ မရှိသေး ဟုလည်း ဒုက္ခသည်များကို အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ရန် ကြိုးပမ်းမှုများအတွက် သတိပေးပြောဆိုထားသည်။
ယင်းအစည်းအဝေးအတွင်း မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြသလို အာဏာသိမ်းပြီးနောက် ပဋိပက္ခအတွင်း သေဆုံးသူ ၁ သိန်း ကျော်လာပြီဖြစ်ကြောင်းနှင့် စစ်တပ်သည် အရပ်သားများအပေါ် တိုက်ခိုက်မှု ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ် ကွမ်ဂျန် (Nicholas Koumjian) ကလည်း “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ သားကောင်ဖြစ်လာရတဲ့ ပြည်သူအရေအတွက် ပိုမို များပြားလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိုမို ဆိုးရွားလာနေပါတယ်” ဟု သတိပေး ပြောဆိုသွားသည်။
စစ်ကြောရေးစခန်းများအတွင်းက ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဆက်နွယ်နေသည့် တပ်မှူးများနှင့် စစ်ကြောရေး အရာရှိများကိုလည်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုသွားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
46
27
6
1October 28, 2026 3.8K 4