ကုလသမဂ္ဂ၌ မြန်မာ့အရေးပဋိပက္ခ တင်ပြရင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း မျက်ရည်ကျ
ဧရာဝတီ၊ အောက်တိုဘာ၂၈၊ ၂၀၂၆
အာဏာသိမ်း စစ်အုပ်စု၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် လသား ကလေးငယ်မှသည် သက်ကြီးရွယ်အိုများအထိ အမည်များ ရေးထိုးထားသည့်ပုဝါကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြကာ သေဆုံးသူ အမည်ထပ်မတိုးရေး နိုင်ငံတကာက ကူညီပေးရန် ဝမ်းနည်းစွာ မျက်ရည်ကျလျက် တောင်းဆိုခဲ့သည်။
ဦးကျော်မိုးထွန်းက “ရဲရင့်ပြီး အပြစ်မဲ့တဲ့ ပြည်သူတွေ၊ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြတဲ့သူတွေရဲ့ အမည်တွေကို ဖတ်လိုက်တဲ့အခါ ကျနော့် နှလုံးသားကြေကွဲရသလို လူတိုင်းရဲ့ နှလုံးသားလည်း ကြေကွဲရပါတယ်။ ဒီ ပုဝါကို သေချာကြည့်လိုက်ရင် ကျဆုံးသူတွေရဲ့ အမည်နဲ့ အသက်တွေကို တွေ့ရပါမယ်။ အငယ်ဆုံးက ၂ လသားပဲ ရှိပါသေးတယ်။ အသက်အကြီးဆုံးကတော့ ၁၀၅ နှစ်ပါ။ ကျူးလွန်ခံရသူတွေဟာ မျိုးဆက်တိုင်း ပါဝင်ပါတယ်။ သူတို့ရဲ့ အနာဂတ် တခုလုံးကို စစ်တပ်ရဲ့ ကျည်ဆန်တွေ၊ ဗုံးတွေက လုယူသွားခဲ့ပါတယ်။ အရက်စက်ဆုံး နည်းလမ်းနဲ့ပါ” ဟု တင်ပြခဲ့သည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းမှုကြောင့် သေဆုံးခဲ့ကြရသည့် နွေဦးတော်လှန်ရေးသူရဲကောင်းများနှင့် ပြည်သူများအမည်များ ရေးထိုးထားသည့် ပုဝါသည် Theatre21 မှ တော်လှန်ရေး ထုတ်ကုန် တခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်ထိ အသက် ဆုံးရှုံးခဲ့ကြရသူ ၈,၀၉၅ ဦး၏ အမည်နှင့် အသက်များကို ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
ဆက်လက်၍ ၎င်းက “ဒီ ပုဝါပေါ်မှာ အမည်တွေ ထပ်တိုးလာတာကို ထပ်မဖတ်ချင်တော့ပါဘူး။ ကျနော်တို့ သူရဲကောင်းတွေကို ထပ်မရှုံးဆုံးချင်တော့ပါဘူး။ အပြစ်မဲ့ အရပ်သားတွေ၊ ကျနော်တို့ရဲ့ ကလေးတွေ၊ လူငယ်တွေ၊ ညီအစ်ကို မောင်နှမတွေ၊ သက်ကြီးရွယ်အိုတွေကိုလည်း ထပ်မဆုံးရှုံးချင် တော့ပါဘူး။ မြန်မာ ပြည်သူတွေဟာ အလွန် ရဲရင့်ပြီး ကြံ့ကြံ့ခံကြပါတယ်။ သူတို့ဟာ နေရာတိုင်းမှာ ရှိနေကြပါတယ်။ NUG၊ EROs တိုင်းရင်းသား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စည်းစည်းလုံးလုံး တော်လှန်နေကြပါတယ်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ပါ။ ဒါပေမယ့် သူတို့ဟာ သင်တို့ရဲ့ အကူအညီ လိုအပ်နေပါတယ်” ဟု တောင်းဆိုခဲ့သည်။
ထို့အတူ မြန်မာပြည်သူများ၏အသက်များ ထပ်မံ ဆုံးရှုံးမှု မရှိစေရန်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် လုပ်ဆောင်ပေးကြရန်၊ စစ်အုပ်စုထံသို့ စစ်လက်နက်နှင့် ငွေကြေးစီးဆင်းမှု မရှိစေရေးနှင့် လေယာဉ်ဆီများ ဖြတ်တောက်ရေး တို့ကိုလည်း ထည့်သွင်း တောင်းဆိုခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
76
28
10
7
1October 28, 2026 3.4K 5