စစ်တပ် ဓာတုလက်နက်သုံးစွဲမှု အသေးစိတ်စုံစမ်းရန် ကုလကို တိုက်တွန်း
ဧရာဝတီ၊ အောက်တိုဘာ ၂၁၊ ၂၀၂၆
အာဏာသိမ်းစစ်တပ် ဓာတုလက်နက်သုံးမှုအပေါ် အသေးစိတ်စုံစမ်းဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ယမန်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ “အခြားအဖျက်စွမ်းအားပြင်းလက်နက်များ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောဆိုသည်။
မြေပြင်သတင်းအစီရင်ခံစာအရ စစ်တပ်က မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှုမြင့်မားသည့် ဓာတုပစ္စည်းများ၊ ဖော့(စ်)ဖရပ်ဖြူ (White Phosphorus) နှင့် အလူမီနီယမ်ဖော့စ်ဖိတ်(Aluminum Phosphide) တို့ပါဝင်သော ဓာတုဗုံးများကြဲချ အသုံးပြုခဲ့သည့် စိုးရိမ်ဖွယ်မှတ်တမ်းများရှိပြီး အဆိပ်အတောက်ဖြစ်စေသော ဓာတုအငွေ့များပျံ့နှံ့မှုဖြစ်ပွားပြီးနောက် မူးဝေခြင်း၊ အော့အန်ခြင်း၊ အောင်ဆီဂျင်ပြတ်လပ်ခြင်းနှင့် ခန္ဓာကိုယ်တစ်ရှူးများလျင်မြန်စွာ ပုပ်သိုးပျက်စီးခြင်းများကဲ့သို့ ရောဂါလက္ခဏာများကို မှတ်တမ်းတင်ထားရှိခဲ့ကြောင်းလည်း ထောက်ပြထားသည်။
စစ်တပ်၏ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှုကင်းမဲ့ခြင်း၊ လူ့အခွင့်အရေး အကြိမ်ကြိမ် ချိုးဖောက် ကျူးလွန်ခြင်းနှင့် နိုင်ငံတကာဥပဒေကို လုံးဝလျစ်လျူရှုခြင်းတို့ကြောင့် စိုးရိမ်ဖွယ်အခြေအနေများအား အနီးကပ် စောင့်ကြည့်ကြရန်နှင့် ယင်းဖြစ်စဉ်များအား မှတ်တမ်းတင်ခြင်းနှင့် အတည်ပြုစစ်ဆေးခြင်းတို့ဆောင်ရွက်ရာတွင် မြန်မာပြည်သူများအတွက် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးကြရန်လည်း ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့သည်။
ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ်တွင် အကျုံးဝင်သည့် ဓာတုပစ္စည်းများမှာ အရပ်ဘက်နှင့်စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် သဘောသဘာဝရှိသည့်အတွက် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ စစ်တပ်နှင့် အကြမ်းဖက်သမားများအပါအဝင် မကောင်းသောရည်ရွယ်ချက်ရှိသူများက အလွဲသုံးစားပြုလုပ်နိုင်ကြောင်းနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက အရပ်ဘက်နှင့်စစ်ဘက်နှစ်မျိုးသုံးနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်းများအား အကြိမ်ကြိမ်အလွဲသုံးစားပြုလုပ်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။
ထို့ပြင် မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်နိုင်ရေးအတွက် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီများ၊ အရပ်ဘက်နှင့်စစ်ဘက် နှစ်မျိုးစလုံးသုံးနိုင်သည့် အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာ ဝင်ရောက်မှု ဖြတ်တောက်ပေးကြရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက တောင်းဆိုခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
47
9
4
2October 21, 2026 3.9K 2