ပျောက်စေဆရာများ အားကိုးနေရချိန် လူ့သက်တမ်း နှစ် ၇၀ ထိ တိုးမြှင့်မည်ဟု… — The Irrawaddy - Burmese — TG.ME

ပျောက်စေဆရာများ အားကိုးနေရချိန် လူ့သက်တမ်း နှစ် ၇၀ ထိ တိုးမြှင့်မည်ဟု ဆို

ဧရာဝတီ၊ အောက်တိုဘာ ၁၃၊ ၂၀၂၆

မြန်မာလူထု ဆင်းရဲကျပ်တည်းပြီး ကျန်းမာရေး စရိတ်ကြီးမြင့်နေမှုများကြောင့် “ပျောက်စေဆရာများ” အားကိုးနေရချိန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က၂၀၃၀ ပြည့်နှစ်၌လူ့သက်တမ်း မျှော်မှန်းချက်ကို နှစ် ၇၀ ကျော်အထိ တိုးမြှင့်လာစေရန် ရည်မှန်း၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပံ့ပိုးပေးနေကြောင်း ယမန်နေ့က ရန်ကုန်မြို့ ဆရာဝန် မောင်မယ်သစ်လွင်များအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှဲပေးရာတွင် ပြောသည်။

၎င်းက “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်” ဆိုသည့်အတိုင်း မြို့ပြနှင့် ကျေးလက်မကျန်၊ ဆင်းရဲချမ်းသာ မရွေး လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး ဆောင်ရွက်ပေးနေကြောင်း၊ ကျန်းမာရေး အသုံးစရိတ်သည် ၂၀၀၀ ပြည့်နှစ်တွင် အစိုးရ အသုံးစရိတ်၏ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း၊ ကျပ် ၁,၃၉၁ ဘီလီယံကျော်အထိ တိုးမြှင့်ပေးထားသည်ဟု ၎င်းက ပြောသည်။

ထိုသို့ ပြောဆိုသော်လည်း မြေပြင်တွင် လူထုကိုကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာ မပေးနိုင်ဘဲ ပြည်သူများသည် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကိုသာ အားကိုးနေကြရသလို အခြေခံ လူတန်းစားများနှင့် လူလတ်တန်းစားများ အနေဖြင့် အခမဲ့ ပရဟိတ ဆေးရုံ၊ ဆေးခန်းများ၊ ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသပေးနေသည့် ပျောက်စေဆရာများထံသို့သာ သွားရောက် ကုသနေကြရသည်။

လက်ရှိ အာဏာသိမ်းအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်သည့်နေရာများရှိ အစိုးရ ဆေးရုံ၊ ဆေးခန်းများမှာပင် ကျန်းမာရေး ဝန်ဆောင်မှုများ ပြည့်ဝစွာ မပေးနိုင်သလို တော်လှန်ရေး အားကောင်းရာ ဒေသများရှိ ဆေးရုံ၊ ဆေးခန်းများကိုပါမချန် ဗုံးကြဲ တိုက်ခိုက်နေသောကြောင့် အရပ်သား ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုမှာလည်း တိုးမြင့်လျက်ရှိသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁69❤6👎3🤔2
October 13, 2026 3K 3